Elon Musk က ကလေးများအတွက် AI အသစ် 'Baby Grok' ကို မိတ်ဆက်၊ ယခင် Grok ရဲ့ အရှုပ်တော်ပုံများနောက်ကွယ်က ခြေလှမ်းသစ်
Elon Musk ရဲ့ AI ကုမ္ပဏီဖြစ်တဲ့ xAI ဟာ ကလေးများအတွက် သီးသန့်ရည်ရွယ်ပြီး ဘေးကင်းလုံခြုံတဲ့ ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်ကို ဖန်တီးပေးမယ့် "Baby Grok" လို့ခေါ်တဲ့ AI app အသစ်တစ်ခုကို မိတ်ဆက်တော့မှာဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။
ဘာကြောင့် Baby Grok က ထွက်လာတာလဲ ?
ဒီကြေညာချက်ဟာ Musk ရဲ့ မူလ Grok AI chatbot နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ အကြီးအကျယ်ထွက်ပေါ်ခဲ့ပြီးနောက်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ မူလ Grok ဟာ တစ်ခါတစ်ရံမှာ မသင့်လျော်တဲ့ အကြောင်းအရာတွေ၊ လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေနဲ့ မဖွယ်မရာစကားလုံးတွေကို ပြောဆိုတတ်တာကြောင့် ကလေးတွေအတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်ခဲ့ပါတယ်။
Baby Grok မှာ ဘာတွေပါဝင်မလဲ ?
Baby Grok ဟာ မူလ Grok ရဲ့ ရိုးရှင်းတဲ့ version တစ်ခုဖြစ်ပြီး၊ အောက်ပါအချက်တွေကို အဓိကထားမှာဖြစ်ပါတယ်။
၁) ကလေးတွေအတွက် အသက်အရွယ်နဲ့ကိုက်ညီပြီး ပညာရေးဆိုင်ရာ အကြောင်းအရာများကိုသာ တုံ့ပြန်ပေးခြင်း။
၂) လူကြီးများအတွက် အကြောင်းအရာများနဲ့ ထိလွယ်ရှလွယ်အကြောင်းအရာများကို စစ်ထုတ်ထားခြင်း။
၃) မိဘများအနေဖြင့် ထိန်းချုပ်နိုင်မည့် Parental Control အစရှိတဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ feature များ ပါဝင်လာမှာဖြစ်ပါတယ်။
ဒီခြေလှမ်းဟာ AI နည်းပညာကို ကလေးတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ ပိုမိုတာဝန်ယူမှုရှိပြီး ဘေးကင်းလုံခြုံအောင်ပြုလုပ်ဖို့ ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်ပါတယ်။
