1 ပတ် - ဘာသာပြန်ပါ။

ဝီဖာ မုန်တိုင်းရိုက်ခတ်မှုကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ရေကြီးမှုများဖြစ်ပေါ်၊ ချင်းမိုင်တွင် လူပေါင်း ၂၀,၀၀၀ ကျော်အတွက် အရေးပေါ် နေထိုင်စရာများ ပြင်ဆင်ထား

ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

အပူပိုင်းဝီဖာမုန်တိုင်းသည် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ရောက်ရှိလာပြီး ယနေ့ဇူလိုင် ၂၃ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အား လျော့သွားသော်လည်း ထိုင်းမြောက်ပိုင်းရှိ ပြည်နယ်အချို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

ဝီဖာမုန်တိုင်းသက်ရောက်မှုကြောင့် ချင်းရိုင်၊ နန် နှင့် ဖယောင် ခရိုင်များတွင် ညလုံးပေါက် မိုးသည်း ထန်စွာ ရွာသွန်းခဲ့ပြီး အဆိုပါလေဖိအားနည်း ရပ်ဝန်းသည် လာမည့် ဇူလိုင် ၂၄ ရက်နေ့တွင် ချင်းမိုင်၊ မယ်ဟောင်ဆောင်နှင့် တာ့ခ်ခရိုင်များသို့ ရွေ့လျားသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးရွာသွန်းမှုကြောင့် ချင်းရိုင်၊ နန် နှင့် မောင်း ခရိုင်များအပါအဝင် ထိုင်းမြောက်ပိုင်းခရိုင်များ တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီး နေအိမ်၊ ဆေးရုံ၊ စာသင်ကျောင်း၊ ရဲစခန်းများသို့ ရေဝင် ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ချင်းမိုင်မြို့တွင်လည်း ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားနေပြီး ချင်းမိုင်ခရိုင်ရှိ အာဏာပိုင်များက ဝီဖာမုန်တိုင်းအကြိုပြင်ဆင်မှုအနေဖြင့် ၂၄ နာရီ အရေးပေါ်ကွပ်ကဲမှုစင်တာ နှင့် လူပေါင်း ၂၀၀၀၀ ကျော်အတွက် အရေးပေါ်ခိုလှုံစရာ နေရာများ ပြင်ဆင်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာတာဝန်ရှိသူများက ဝီဖာမုန်တိုင်းမဝင်ရောက်ခင် အချိန်ကတည်းက ဖုန်းများ အတွင်းသို့ မုန်တိုင်းသတိပေး စာတိုများကိုပေးပို့ ခဲ့ကြပြီး လက်ရှိတွင်လည်း ချင်းမိုင်တွင် ဒေသခံများ အကူညီတောင်းနိုင်ရန် ၂၄ နာရီဝန်ဆောင်မှုပေးသည့် ဖုန်းလိုင်း(1567)တစ်ခုကို ပြင်ဆင်ပေးထား ကြောင်းသိရသည်။

ထို့ပြင် ဝီဖာမုန်တိုင်းဒဏ်ကြောင့် မိုးကြီးခြင်း၊ ရေကြီးခြင်း နှင့် လေပြင်းတိုက်ခတ်ခြင်းများကြောင့် မုန်တိုင်းဒဏ်ခံဒေသများနှင့် ခရိုင်များမှ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စာသင်ကျောင်းများကို ထိုင်းပညာရေးဝန်ကြီးဌာနက ပိတ်ခွင့် ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွက် ဝီဖာမုန်တိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ လျော့ကျသွားခဲ့ပြီဖြစ်သော်လည်း အနောက်တောင်မုတ်သုံလေ၏ သက်ရောက်မှုကြောင့် လျှပ်တပြတ် ရေကြီးနိုင်သည့် အန္တရာယ် ရှိနေသေးကြောင်း သိရသည်။

ကိုးကား - Bangkok Post၊ The Nation Thailand

image