ခင်ဗျားက အလုပ်တစ်ခုခုကို လုပ်နေမယ်
လုပ်နေရင်းနဲ့
ပစ္စည်းတစ်ခုခုကို မတော်တဆ တိုက်ချမိမယ်
ကြမ်းပြင်နဲ့ အဲ့ဒီပစ္စည်းထိတဲ့အသံကို
ကြားမိတဲ့အတွက်
ပြုတ်ကျသွားတာ သေချာပေမယ့်
ခင်ဗျားက လက်ရှိအလုပ်ပေါ် အာရုံစိုက်နေတဲ့အတွက်
အမှတ်တမဲ့ပဲ
နောက်မှကောက်မယ် စဉ်းစားတယ်
နောက်ဆုံးမှာတော့
ခင်ဗျားလုပ်လက်စလဲ ပြီးသွားပြီ
စောစောကပြုတ်ကျသွားတဲ့ပစ္စည်းကို ကောက်ဖို့ ကြမ်းပြင်အောက်ကို ခေါင်းငုံ့လိုက်မယ်
ဘာမှ ရှိမနေဘူး
ပြုတ်ကျသွားတဲ့အရာနဲ့ပတ်သက်လို့
ခင်ဗျား ပြန်စဉ်းစားမယ်
အဲ့ဒီအချိန်၊အဲ့ဒီနေရာမှာရှိနေတာ
ဘာများဖြစ်မလဲ
ပြုတ်ကျသွားတုန်းက ဘယ်လိုအသံမြည်လဲ
လိမ့်သွားတဲ့ အသံတစ်ခုခုြမည်သေးလား
တဖြည်းဖြည်းနဲ့ငြီးငွေ့လာတဲ့ခင်ဗျားဟာ
အဲ့ဒီလို ရှာဖွေတဲ့အလုပ်ကို ရပ်လိုက်မယ်
အရေးကြီးတာတစ်ခုခု ဖြစ်မနေဖို့
ဆုတောင်းမယ်
နောက်ရက်တွေမှာ ပြန်တွေ့မိဖို့
ပျောက်သွားတဲ့အရာက
ဘာလဲဆိုတာ သိလာဖို့မျှော်လင့်မယ်
တဖြည်းဖြည်း ရက်တွေကြာလာမယ်
တဖြည်းဖြည်း ရက်တွေကြာလာမယ် ။
- ဏေသစ်