အလုံးအထည်နဲ့ ဝိတ်တန်းကိုက်ညီရဲ့လား
ကစားသမားက အလုံးအထည်နဲ့ ဝိတ်တန်းကိုက်ညီမှသာ အောင်မြင်နိုင်တာပါ။ အလုံးအထည်ကြီးပေမယ့် ဝိတ်တန်းငယ်တွေမှာ ဆင်းဆော့ရင် ဝိတ်ချရတဲ့ ဆိုးကျိုးကြောင့် စွမ်းဆောင်ရည်အပြည့်မထွက်ဘူး။ Dustin Poirier နဲ့ Charles Olivera တို့က ဖယ်သာဝိတ်တန်းမှာ မအောင်မြင်တာ အဲဒါကြောင့်ပါ။
ကိုယ်က အရပ်ပုပြီး လက်တံတိုသလို အလုံးအထည်သေးနေတယ်။ ဒါပေမယ့် ဝိတ်တန်းကြီးကို တက်ဆော့မိရင် တိုင်ပတ်တာပဲ။ ဝိတ်တန်းကြီးသမားတွေက ဗလအားကိုးပြီး ဆွဲလှဲရင် မခံနိုင်ဘူး။ အလုံးအထည်နဲ့ လက်တံက တစ်ပန်းရှုံးနေပြီ။ ပါဝါလည်း အားနည်းလာတယ်။
အလွယ်ပြောရရင် Canelo Alvarez ပဲ။ စူပါမစ်ဒယ်ဝိတ် (၁၆၈ ပေါင်) တန်းမှာ အောင်မြင်ပေမယ့် အရပ်ပုပြီး လက်တံတိုပါတယ်။ အဓိကပြိုင်ဘက်တွေက အကြီးကြီးတွေပါ။ ဒါတောင်မှ လိုက်ဟဲဗီးဝိတ် (၁၇၅ ပေါင်) အထိ တက်ထိုးလိုက်သေးတယ်။ မစ်ဒယ်ဝိတ် (၁၆၀ ပေါင်) တန်း ဒါမှမဟုတ် လိုက်မစ်ဒယ်ဝိတ် (၁၅၄ ပေါင်) တန်းမှာ အထိုင်ချမှသာ ပိုကောင်းပါတယ်။
ကျွန်တော်ဥပမာပေးချင်တာက Demetrious Johnson အကြောင်းပါ။ ဟိုးအရင်တုန်းက WEC အဖွဲ့အစည်းမှာ ကစားနေတာပါ။ ဖြစ်ချင်တော့ WEC အဖွဲ့အစည်းမှာ ဖလိုင်းဝိတ် (၁၂၅ ပေါင်) တန်းမရှိလို့ ဘင်တန်ဝိတ် (၁၃၅ ပေါင်) တန်းမှာ ကစားရတယ်။ အဲဒီတော့ အလုံးအထည်ကြီးတဲ့ ပြိုင်ဘက်တွေကိုပဲ ရင်ဆိုင်ရတာပါ။
၂၀၁၀ ခုနှစ်မှာ UFC အဖွဲ့အစည်းက WEC အဖွဲ့အစည်းကို ဝယ်လိုက်တယ်။ အဲဒီတော့ Jose Aldo နဲ့ Demetrious Johnson တို့လို WEC ကစားသမားတွေက UFC အဖွဲ့အစည်းကို ရောက်လာတယ်။ အဲဒီအထိတောင် UFC အဖွဲ့အစည်းမှာ ဖလိုင်းဝိတ်တန်းမရှိသေးဘူး။ Demetrious Johnson လည်း ဘင်တန်ဝိတ်တန်းမှာ ကစားရတာပဲ။
၂၀၁၁ ခုနှစ်မှာ UFC အဖွဲ့အစည်းက Dominick Cruz နဲ့ Demetrious Johnson တို့ကို ဘင်တန်ဝိတ်ခါးပတ်လုခိုင်းတယ်။ အလုံးအထည်က ဆင်နဲ့ဆိတ်လို ကွာသလို အရပ်ကလည်း လက်ညှိုးနဲ့ လက်မလိုပဲ။ Dominick Cruz က ဝင်လုံးပြီး ကိုင်ပေါက်သလို ဗလအားကိုးပြီး ဖိထားလိုက်တယ်။ (၁၀) ကြိမ်အထိတောင် ဆွဲလှဲနိုင်ခဲ့တာပါ။ Demetrious Johnson က ထိချက်သာအောင် ထိုးနိုင်ပေမယ့် Control Time တွေကြောင့် အရှုံးပေးခဲ့ရတယ်။
တကယ်ဆိုရင် Demetrious Johnson က Dominick Cruz ထက် အများကြီးသာပါတယ်။ ကိုယ့်ဝိတ်တန်းမဟုတ်လို့ ရှုံးခဲ့ရတာပါ။ ၂၀၁၂ ခုနှစ်မှာ UFC အဖွဲ့အစည်းက ဖလိုင်းဝိတ်တန်းကို စဖွင့်လိုက်တယ်။ အဲဒီတော့ Demetrious Johnson က ဖလိုင်းဝိတ်ချန်ပီယံဖြစ်လာပြီး ချန်ပီယံဘွဲ့ကို (၁၁) ကြိမ်အထိ စံချိန်တင်ကာကွယ်နိုင်ခဲ့တယ်။
တကယ်လို့သာ UFC အဖွဲ့အစည်းက ဖလိုင်းဝိတ်တန်းကို မစခဲ့ဘူးဆိုရင် Demetrious Johnson လည်း ဒီအဆင့်ကို ရောက်လာမှာ မဟုတ်ပါဘူး။ ဘင်တန်ဝိတ်တန်းမှာပဲ ယောင်ချာချာဖြစ်နေဦးမှာပါ။ အခုလိုလည်း ဆိတ် (The Greatest of All Time - GOAT) ဆိုပြီး သတ်မှတ်ခံရမှာ မဟုတ်ပါဘူး။ အလုံးအထည်နဲ့ ဝိတ်တန်းကိုက်ညီဖို့က တော်တော်ကို အရေးကြီးပါတယ်။
