👉 ပြောင်းဖူးကြော်နည်း လက်ဆောင်ပေးမယ် 🌽🎉😘
အပြင်က ကြွပ်ကြွပ်ရွရွ၊ အတွင်းသားက နူးညံ့ပြီး ပြောင်းဖူးနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ အချဉ်ရည်လေးနဲ့အတူ မိသားစုတစ်စုလုံး စားလို့ကောင်းမှာပါ။

အချဉ်ရည်အတွက် ပါဝင်ပစ္စည်းများ........
* အုန်းသကြား - ၃၀၀ ဂရမ်
* ရေ - ၃၀၀ မီလီလီတာ
* ဆား (အမှုန့်) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* ငရုတ်သီးနီ (အစပ်) ကြမ်းကြမ်းထောင်းထားတာ
- စားပွဲတင်ဇွန်း ၁/၂ ဇွန်း
* မန်ကျည်းမှည့် အနှစ်ရည် (ပျစ်ပျစ်ညှစ်ထားတာ)
- လက်ဖက်ရည်ဇွန်း ၂ ဇွန်း
* မြေပဲလှော် (ကြမ်းကြမ်းထောင်းထားတာ)
- နှစ်သက်သလောက်
* နံနံပင် - အလှဆင်ရန်

ပြောင်းဖူးကြော်အတွက် ပါဝင်ပစ္စည်းများ........
* ပြောင်းဖူးစိမ်း - ၄-၅ ဖူး
* ဆန်မှုန့် - ၁၀၀ ဂရမ်
* ဂျုံမှုန့် - ၂၅၀ ဂရမ်
* ဆား (အမှုန့်) - စားပွဲတင်ဇွန်း ၁/၂ ဇွန်း
* ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* ရေ - ၅၀၀ ဂရမ်

ပြုလုပ်နည်း.........
၁။ ပြောင်းဖူးစိမ်းများကို အချပ်လိုက် လှီးဖြတ်ပြင်ဆင်ထားပါ။
၂။ ဇလုံတစ်လုံးထဲတွင် ဂျုံမှုန့်နှင့် ပါဝင်ပစ္စည်းများအားလုံးကို ရောထည့်ပြီး ရေကို တဖြည်းဖြည်းချင်း ထည့်ပေးပါ။ (တစ်ခါတည်း အကုန်မထည့်ပါနှင့်) လက်မွှေတံဖြင့် နို့ဆီလို ပျစ်ပျစ်လေး (မပျစ်လွန်း၊ မကျဲလွန်း) ဖြစ်လာသည်အထိ မွှေပေးပါ။
၃။ ပြောင်းဖူးများကို ပန်းကန်လုံးတစ်လုံးထဲသို့ ခွဲထည့်ပြီး အမှတ် (၂) က ဂျုံရည်ကို မများလွန်းစေဘဲ ပြောင်းဖူးများနှင့် သမအောင် ရောနယ်ပေးပါ။
၎။ ကြော်ရန်အတွက် ဆီကို ဒယ်အိုးထဲထည့်၍ မီးအလယ်အလတ်ဖြင့် အပူပေးပါ။ ဆီပူလာလျှင် ပြောင်းဖူးဂျုံရည်ကို စားပွဲတင်ဇွန်း ၁ ဇွန်းခန့်စီ ခပ်ယူ၍ တစ်ခုနှင့်တစ်ခု မကပ်စေရန် ခပ်ခွာခွာထည့်ကာ ကြော်ပေးပါ။
၅။ ဂျုံရည်များ မာလာပြီး ဝါဖန့်ဖန့်အရောင်ရလာသည်အထိ မီးအလယ်အလတ်ဖြင့် ကြော်ပါ။ ထို့နောက် နောက်တစ်ဖက်လှန်ကာ ရွှေဝါရောင်သန်းပြီး ကြွပ်လာသည်အထိ ဆက်ကြော်ပါ။ ရွှေဝါရောင်သန်းပြီး ကြွပ်လာလျှင် ဆယ်ယူကာ ဆီစစ်ထားပါ။

၆။ အချဉ်ရည်ပြုလုပ်ရန် ရေ၊ အုန်းသကြားနှင့် ဆားတို့ကို အိုးထဲထည့်ပြီး မီးအလယ်အလတ်ဖြင့် အားလုံး ပျော်ဝင်သည်အထိ ကြိုပါ။ ဆူပွက်ပြီး အမြှုပ်ကြမ်းများထလာလျှင် မန်ကျည်းမှည့်အနှစ်နှင့် ထောင်းထားသော ငရုတ်သီးထည့်ပါ။ နောက်တစ်ကြိမ် ဆူပွက်လာလျှင် မီးပိတ်ပြီး အအေးခံထားပါ။ (အေးသွားလျှင် အချဉ်ရည် ပိုပျစ်လာမည်)။ ပန်းကန်လုံးထဲ ထည့်ကာ မြေပဲလှော်အကြမ်းများနှင့် နံနံပင်ဖြူး၍ တည်ခင်းပါ။

အကြံပြုချက်များ........
* ဂျုံရည်ဖျော်သည့်အခါ ရေကို တဖြည်းဖြည်းချင်း ထည့်ပါ။
တစ်ခါတည်း အကုန်မထည့်ပါနှင့်။ ဂျုံရည်သည် နို့ဆီလို
ပျစ်ပျစ်လေး (မပျစ်လွန်း၊ မကျဲလွန်း) ဖြစ်နေရပါမည်။
* မီးအလယ်အလတ်ဖြင့် ရွှေဝါရောင်သန်းပြီး ကြွပ်လာ
သည်အထိ ကြော်ပါ။
* အချဉ်ရည်နှင့်အတူ ပူပူနွေးနွေး သုံးဆောင်ပါ။

image