“သူများအိမ်မှာ TV ကြည့်ခဲ့ဖူးသူတစ်ယောက်၏ အမှတ်တရများ"
MVE Original Article
ဒီဆောင်းပါးကတော့ ၈၀ ခုနှစ်ဖွား ၉၀ ခုနှစ်ဖွားတွေအတွက်တော့ အမှတ်ရစရာလေးတွေ ဖြစ်စေမယ် ထင်တယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းမွေးတဲ့သူတွေ အတွက်ကတော့ ဇာတ်လမ်းတွေကြည့်စရာ TV တွေ လက်ကိုင်ဖုန်းတွေက အခြေခံလူတန်းစားတွေအထိ ပေါများနေပြီကိုး။
ကျနော် အငယ်တုန်းက (အငယ်ဆို မူလတန်း အလယ်တန်းအရွယ်) စလောင်းခေတ် အောက်စက်ခေတ်။ အိမ်တိုင်းလိုလို Tv တွေ အောက်စက် (VCD,DVD) တွေ မရှိသေးပေမယ့် အိမ်တော်တော်များများမှာတော့ ရှိနေကြပြီ။
ကိုယ်နေတာက နယ်မြို့လေးဆိုတော့ အောက်စက်နဲ့ Tv တွဲတဲ့အိမ်ကပိုများတယ်။ စလောင်းရှိတာတော့ ရှားတယ်။ ပြဿနာက ရုပ်ရှင်အသည်းစွဲ ကျနော့်အိမ်မှာကျ ကြည့်စရာ Tv ရော အောက်စက်ရော ရှိမနေတာပါပဲ။
အိမ်က ဆင်းရဲလို့ မရှိတာလားဆိုတော့ ဒရာမာခင်းရလောက်အောင်အထိ ဆင်းရဲနေတာမျိုးတော့ မဟုတ်ဘူး။ အကြောင်းကြောင်းကြောင့် မရှိတာလို့ပဲ ပြောရမှာပဲ။ ဒီတော့ အဓိက အကြောင်းအရာဆီ ပြန်သွားရအောင်။
သူများအိမ်မှာသွားပြီး ဇာတ်ကားကြည့်ရတဲ့ အရသာက တရားသေ ကောင်းတယ် ဆိုးတယ်လို့ ပြောလို့တော့မရဘူး။ အိမ်တော်တော်များများ အလည်သွားရင်း ကြည့်နေတဲ့ကောင်ဆိုတော့ တစ်အိမ်ကို ရသတစ်မျိုးစီ ခံစားရတယ် ပြောရမှာပဲ။
အဓိကကတော့ အိမ်တိုင်းမှာ သူ့ပေါ်လစီနဲ့သူ ရှိနေတာကြောင့် ခံစားရတာ မတူညီတာပါ။ သေချာတာ တစ်ခုကတော့ သူများအိမ်ပေါ်တက်ပြီး TV ကြည့်မယ်ဆိုရင် တပါးသူ အရိပ်အကဲ ကြည့်တတ်ဖို့ လိုပါတယ်။
အိမ်ရှင်က စိတ်ကြည်နေလား။ မီးကရော လာရဲ့လား။ ကိုယ်တွေသွားကြည့်မယ့် အချိန်မှာ သူ့အိမ်က ကျနော်နဲ့ ရွယ်တူ သူငယ်ချင်းတွေ အိမ်စာလုပ်ပြီးရဲ့လား။ ဘာညာပေါ့ဗျာ။ ကိုယ်ကြည့်ချင်တဲ့ ဇာတ်ကားခွေကို မုန့်ဖိုးထဲက အိတ်စိုက်ပြီး ခိုးကူးခွေဆိုင်ကနေလည်း ဝယ်ထားရသေးတယ်။
ဇာတ်ကားခွေ ယူပြီးသွားလည်း တန်းကြည့်ရတာမျိုး ရှိပေမယ့် ရှားတယ်။ သွားကြည့်မယ့်အိမ်ကလူတွေ ကြည့်ချင်တာမရှိမှ ကိုယ့်အခွေကိုယ် ကြော်ငြာဝင်ခွင့်ရတာ။ ကိုယ့်ယူလာတဲ့ အခွေ မကြည့်ရလည်း ကျနော်ကတော့ သူတို့ ထိုးထားတဲ့အခွေ ဝင်ကြည့်လိုက်တာပဲ။ မဟုတ်လည်း အိမ်မှာ ဘာမှ ကြည့်စရာမှ မရှိတာ။
ရုပ်ရှင်ဆိုရင် ဘာလာလာ ဒေါင်းတတ်တဲ့ အကျင့်ကြောင့် genre တော်တော်များများကို ကြည့်တတ် ခံစားတတ်သွားတယ် ပြောရမှာပဲ။ ရုပ်ရှင်တင်မကဘူး သူငယ်ချင်းတစ်ယောက်အိမ်မှာ သွားကြည့်တုန်းကဆို ကိုယ်တွေကြည့်ချင်တဲ့ Ben 10, ပါဝါရိန်းဂျားဘာညာ မကြည့်ရသေးခင် သူ့အစ်ကို လူပျိုကောင်ဖွင့်တဲ့ ပူစူးရဲ့ သီချင်းခွေကို အစဆုံး နားထောင်ပြီး စောင့်ရသေးတာ။
တချို့အိမ်တွေမှာကျ အဒေါ်အရွယ် (အဲ့တုန်းကအနေနဲ့ဆို) တွေ ရှိတော့ ကိုရီးယားစီးရီးပဲ ကြည့်ကြတာ။ သူတို့နဲ့ကျ ကိုယ်တွေကြည့်ချင်တဲ့ နိုင်ငံခြားခွေတွေ မကြည့်ရဘူး။ သူတို့ကြည့်နေတဲ့ ကိုရီးယားစီးရီး ဝင်ကြည့်ချင်ကြည့် မကြည့်နိုင်ဂျောင်းရုံပေါ့။
တခါတလေ လည်စရာအိမ်မရှိမှ အဲ့လိုအိမ်ကိုရွေးတာ။ ကိုရီးယားစီးရီးတွေကိုလည်း အဲ့အရွယ်တုန်းက ကြိုက်မှမကြိုက်တတ်သေးတာကိုး။ ဂျူမုံတို့ အက်ရှင်ပါတဲ့ စီးရီးလေးတွေဆိုရင်တော့ ဝင်ကြည့်ဖြစ်တယ်။
အဆိုးထဲကအကောင်း ပြောရရင်တော့ သူတို့နဲ့ကြည့်ရင် အချိန်အကန့်အသတ်ရယ်လို့ မရှိဘဲ မီးလာသလောက် သို့ အိမ်ကပြန်လာမခေါ်မချင်း ကြည့်ရတာပဲ။ တိုက်တန်းနစ် ဇာတ်ကားကိုလည်း သူတို့ကြောင့်ပဲ စကြည့်ဖူးခဲ့တယ် ထင်တယ်။
ကိုယ်ယူလာတဲ့ ဇာတ်ကားခွေကို တန်းကြည့်ခိုင်းတဲ့ သဘောကောင်းတဲ့ အိမ်တွေလည်း ရှိတယ်။ သူတို့ဆီမှာကျ ကိုယ်နဲ့ရွယ်တူ ကလေးမရှိတော့ ကြိုက်တဲ့ခွေ ထိုးကြည့်လို့ရတယ်။ အဲ့အိမ်မှာကျ တစ်ခုရှိတာက အချိန်ပိုတွေပေါနေတဲ့ အဖိုးကြီးတစ်ယောက် ရှိတာပဲ။
သူကလည်း လူကြီးဆိုတော့ ပျင်းရှာတော့ ကျနော်ကြည့်တဲ့ ဇာတ်ကားခွေတွေကို မပျင်းမရိ လိုက်ကြည့်ရှာတယ်။ ကြည့်နေရင်းနဲ့ နားမလည်တာရှိရင်လည်း ကိုယ်နားလည်သလို ရှင်းပြရသေးတာ။ အဲ့ဒီ့တုန်းက အခွေတိုင်း Mm sub ပါတာမျိုးမဟုတ်၊ ပါခဲ့ရင်လည်း စုံစုံလင်လင်ထိုးပြတာမျိုး မဟုတ်တော့ ရှင်းပြရတာ တိုင်ပတ်တယ်။ အဲ့အိမ်မှာ Narnia 1 & 2 ကြည့်ခဲ့ဖူးတာ အမှတ်ရမိတယ်။
ကျနော့်အဖွားရဲ့ ဘော်ဒါအိမ်ကို လိုက်လည်ပြီး ကြည့်တုန်းကကျတမျိုး။ အဲ့အိမ်မှာ ကလေးမလေး တစ်ယောက်ရှိတော့ မိန်းကလေးတွေကြည့်တဲ့ ကာတွန်းဇာတ်လမ်းတွေပဲ ကြည့်ရတာ။ သူ့အိမ်မှာ ဗိုလ်ဆိုတော့ ဘာမှအတွန့်မတက်ရဲဘူး။
အဲ့ကလေးမကြည့်တဲ့ lilo & sitich, စင်ဒရဲလား,စနှိုးဝှိုက်, ရေသူမလေး အေရီရယ်, တင့်ကာဘဲလ် စသဖြင့် အဲ့လိုဇာတ်ကားမျိုးတွေပဲ လိုက်ကြည့်ရတာ။ အလည်လိုက်ရင်းနဲ့ ကြုံမှဝင်ကြည့်ဖြစ်တဲ့အိမ်ပေါ့။
ယောက်ျားလေးဆိုတော့ အဲ့ဇာတ်ကားတွေဆို မကြိုက်တတ်တာမဟုတ်ပေမယ့် အာသီသ သိပ်မတွေ့လှပါဘူး။ ဒီကြားထဲ ကလေးမက စိတ်အခန့်မသင့်ရင် ရှင်းရှင်းရဲ့ မှိုလိုပေါက် သီချင်းခွေကြီးထည့်ပြီး ထကသေးတာကိုး။
အိမ်တကာ လျှောက်လည်ပြီး ဇာတ်ကားကြည့်တာ ဝါရင့်လာတော့ ဘယ်ဇာတ်ကား ကြည့်ချင်ရင် ဘယ်အိမ်ကို ဘယ်အချိန်သွားသင့်တယ်ဆိုတာပါ သိလာတယ်။ စည်းကမ်းကြီးတဲ့ အိမ်တွေဆို ပါးစိပါးစပ် သိပ်များတယ်။ တခါတလေ အခန့်မသင့်ရင် ကိုယ်တွေပါ စာဝင်ကျက်ရတာမျိုး အိမ်အလုပ်လေး ကူလုပ်ပေးရတာမျိုးပါရှိတယ်။
နောက်ပြီး ဘယ်အိမ်ဖြစ်ဖြစ် ခဏခဏသွားပြီး ခွေထိုးခိုင်းရင် အစပိုင်းမှာ ကောင်းပေမယ့် နောက်ပိုင်းကျ အနည်းနဲ့အများ ငြိုငြင်လာတာများတယ်။ ကိုယ်တွေက ကလေးဆိုတော့လည်း ကိုယ်ကြည့်ချင်တာပဲသိပြီး လူကြီးကိစ္စတွေကို နားမလည်တတ်တာ မသိတတ်တာတွေရှိချင်လည်း ရှိမှာပေါ့။
တချို့အိမ်တွေ ပွစိပွစိ ပြောလာလည်း မသိချင်ယောင်ဆောင်နေလိုက်တာများတယ်။ တအားကို ရုပ်ပေါက်လာရင်တော့လည်း ထပ်မသွားဖြစ်တော့တာပေါ့။ ကျနော်ကတော့ ဖီးလ်ဖြစ်တာတွေ ဒရာမာချိုးတာတွေ သိပ်လည်း ခံစားမနေတတ်ပါဘူး။
ကိုယ်ကြည့်ချင်တာ ကြည့်ရဖို့အရေးကြီးတာ။ မင်းတို့အိမ်က ဖွင့်မပြဘူးလား။ ရတယ် နောက်တအိမ်ပြောင်းကြတာပေါ့။ အဲ့လိုပျော်ပျော်ပဲ နေလာတာ။
လူကြီးတွေ ပွစိပွစိပြောလည်း ပြောပါစေပေါ့။ ကိုယ်တွေက သူတို့အိမ်သွားပြီး တက်ကြည့်နေတာကိုး။ မဟုတ်လည်း အိမ်မှာ အပြောခံနေကျ။ ကိုယ့်ကြောင့် လာလည်တဲ့အိမ်ကကောင်ပါ အဆူခံရတယ် ထင်ရင်တော့ ကလေးချင်း အားနာလို့ ထပ်မသွားတော့ဘူး။
=

image