1 w - Translate

ကျိုက်ထိုမှာ ရဲကင်းဘန်ကာကို ခရီးသည်တင်ကား ဝင်တိုက်လို့ ရဲတယောက်သေပြီး တယောက်ဒဏ်ရာရ
ဇူလိုင် ၂၂ ၊ ၂၀၂၅
GG(VOM)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာကာမင်းခရီးသည်တင် expressကားက အရှိန်မထိန်းနိုင်ဘဲ တံတားရဲကင်းဘန်ကာကို ဝင်တိုက်မိပြီး ရဲတပ်ဖွဲ့ဝင် တယောက်သေဆုံးကာ တယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဇူလိုင် ၂၁ ရက်နေ့မှာ နေ့လယ် ၁ နာရီကျော်လောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အာကာမင်းကားက သဲဖြူတံတားရဲကင်းဘန်ကာကို ဝင်တိုက်မိခဲ့တာဖြစ်ကြောင်း ၊ ယာဥ်တိုက်မှုဖြစ်ပြီးနောက် အာကာမင်းယာဥ်မောင်းက ထွက်ပြေးသွားတယ်လို့သိရပါတယ်။
" ဟုတ်ပါတယ် ။မနေ့ကဖြစ်သွားတာ။တယောက်သေပြီး တယောက်လည်း ဒဏ်ရာပြင်းတယ်။ ကားက အရှိန်မထိန်းနိုင်ဘဲ ရဲကင်းဘန်ကာဝင်တိုက်တာမှာ တာဝန်ကျ လုံခြုံရေးယူထားတဲ့ ရဲတပ်သားသေဆုံးသွားတာပါ။" လို့ ကျိုက်ထို ဒေသခံကပြောပါတယ်။
ရဲကင်းကို ဝင်တိုက်ခဲ့တဲ့ အာကာမင်း ယာဥ်ဟာ ရန်ကုန် - မော်လမြိုင် - ရေး ခရီးစဥ်ကိုပြေးဆွဲနေတဲ့ကားဖြစ်ပြီး ကျိုက်ထိုကနေ မော်လမြိုင်ကိုသွားစဥ် သဲဖြူချောင်းတံတားမှာ ယာဥ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ကားပေါ်ပါခရီးသည်တွေကတော့ ထိခိုက်ဒဏ်ရာကြီးကြီးမားမားရရှိတာမျိုးမရှိဘူးလို့သိရပါတယ်။
ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက် သေဆုံးရဲတပ်ဖွဲ့ဝင်နဲ့ ဒဏ်ရာရသူတွေကိုတော့ ကျိုက်ထိုအခြေစိုက်လူမှုကူညီရေးအသင်း နဲ့ မီးသတ်တပ်ဖွဲ့ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ခဲ့ပြီး ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ အာကာမင်း express ယာဥ်မောင်းကို ဖမ်းမိရေး တာဝန်ရှိသူတွေက လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - WYA

image