1 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ ပုဏ္ဏားကျွန်းစစ်ဘေးရှောင်ကလေးများအတွက် ပညာအလှူဝိုင်းဝန်းကူကမ်ပိန်းသိန်း ၁၅၀၀ မပြည့်မီသေး
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်ကလေးများကိုအခမဲ့ပညာသင်ကြားပေးနိုင်ရန် ပညာအလှူဝိုင်းဝန်းကူသိန်း ၁၅၀၀ ကမ်ပိန်းမှာ သတ်မှတ်ကာလနှစ်လပြည့်ခဲ့ပြီဖြစ်သော်လည်း သိန်း ၂၅၀ ကျော်သာရရှိထားကြောင်း ကမ်ပိန်းဆောင်ရွက်သည့်လင်းရောင်ခြည်ဖောင်ဒေးရှင်ထံမှသိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်အခြေစိုက်လင်းရောင်ခြည်ဖောင်ဒေးရှင်းမှာ ယခင်နှစ်ကစစ်ဘေးရှောင်ကလေးများအတွက် အခမဲ့ပညာ့ရိပ်မွန်ကျောင်းခုနစ်ကျောင်းကို နေရာခုနစ်ခုတွင်ဖွင့်လှစ်ခဲ့ပြီး KG မှ Grade 9 အထိ ကျောင်းသား၊ ကျောင်းသူ ၁၂၇၉ ဦးတက်ရောက်ခဲ့ကြောင်း၊ ယခုနှစ်တွင်ကျောင်းသားဦးရေ ၁၅၀၀ ကျော်အပ်နှံလာသောကြောင့် ကုန်ကျမှုစရိတ်မှာယခင်နှစ်ထက်ပိုများလာကြောင်း အဆိုပါ ဖောင်ဒေးရှင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
"ဒီနှစ်ကျောင်းသားတွေများတယ်။ ကုန်ကျမှုလည်းများတယ်။ ကလေးတွေအတွက် စာအုပ်၊ ခဲတံ၊ ဘောပင်ကအစ ထမင်းစရိတ်တွေပါအပါ တစ်နှစ်စာသိန်း ၁၅၀၀ လောက်ကုန်ကျမှာပါ။ ဒီငွေရဖို့ပညာ အလှူဝိုင်းဝန်းကူဆိုတဲ့ခေါင်းစဉ်နဲ့ ကမ်ပိန်းတစ်ခုလုပ်ခဲ့ပါတယ်။ အဲဒီကမ်ပိန်းက ဇူလိုင် ၁၈ ရက်က သတ်မှတ်ကာလနှစ်လပြည့်လို့ စာရင်းချုပ်လိုက်တာ ၂၉,၈၆၃,၈၀၀ ကျပ်ပဲရတယ်။ ကမ်ပိန်းတားဂတ် ၂၀ ရာခိုင်နှုန်းပဲရတဲ့အတွက်ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ ရှေ့ဆက်သွားဖို့အခက်အခဲတွေအများကြီး ဖြစ်နေပါတယ်" ဟု ၎င်းကပြောသည်။
လက်ရှိတွင်လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၁၅၈ ဦးဖြင့် စစ်ဘေးရှောင်ကလေးများကို ပညာသင်ကြားပေးလျက်ရှိကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်

image