#ပြည်တွင်းသတင်း
◼ Bluetooth Box အားသွင်းရာမှ မီးလောင်၊ နေအိမ်ရှစ်လုံးပျက်စီးဆုံးရှုံး
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၌ ယမန်နေ့(ဇူလိုင် ၁၉ ရက်) ည ၇ နာရီ ၅၃ မိနစ်တွင် Bluetooth Box အားသွင်းရာမှမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။
အဆိုပါမီးလောင်မှုမှာ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၆ လမ်း၊ ၇၁ x ၇၂ လမ်းကြားရှိ နံကပ်နှစ်ထပ်အဆောက်အဦတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းနေအိမ်အပေါ်ထပ်တွင် Bluetooth Box အားသွင်းထားရာမှဘတ္ထရီပွင့်ထွက်ပြီး အနီးရှိအဝတ်အစားများကိုမီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
မီးလောင်မှုကြောင့် နေအိမ်ရှစ်လုံးမီးလောင်ကျွမ်းခဲ့ပြီး ည ၈ နာရီ ၁၆ မိနစ်တွင်မီးငြိမ်းကြောင်း သိရသည်။
“မီးဘေးသင့်အိမ်ထောင်စုက ၁၃ စုပါ။ ကျား ၁၅ ဦးနဲ့မ ၂၂ ဦးစုစုပေါင်း ၃၇ ဦးရှိပါတယ်။ လတ်တလော စီးတော်မြင်းဝင်ကျောင်းတိုက်ကဗိမ္မာန်မှာ ရွှေ့ပြောင်းနေနေပါတယ်” ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မီးလောင်မှုနှင့်ပတ်သက်ပြီး အိမ်ငှားနေထိုင်သူအသက် (၃၉) နှစ်အရွယ်ရှိဒေါ်ဌေးဌေးဝင်းကို မဟာအောင်မြေမြို့နယ်အမှတ်(၉)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူရန်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - MFSD