22 ပတ် - ဘာသာပြန်ပါ။

တစ်ပေါင်းလပြည့်မှာ စားရတဲ့ ထမနဲထိုးနည်း
**************

ထမနဲ ထိုးရန်ဖို ••••• စာချိုးလို့မှာခဲ့မယ်

တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်
တစ်ပိဿသာဆီအမှန်သွင်းပါလို့
ချင်း(ဂျင်း) က သုံးဆယ်။

မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်
အုန်းသီးဆန်အတူဖတ်ပါလို့
နှမ်းမပြတ်ဤနည်းနှယ်။

ရေစင်ကြည်ပထည့်ရိုး
လက်နှစ်သစ်သာပ ၊
တွက်စစ်ကာချိန်ဆယ်သားရယ်နှင့်
ရောနှောကလူအများတို့ရယ်
အားသစ်လို့ထိုး ...။

မန်လည်ဆရာတော်ဘုရားကြီး
~~~~~~~~~~~~~~~~~~~~~~~~

ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ် ။

( စကားချပ် )
(၁) ကောက်ညှင်းဆန်.......(၄) ပြည်
(၂) မြေပဲ.......................(၈၀) ကျပ်သား
(၃) နှမ်းဆီ (သို့) မြေပဲဆီ.... (၁) ပိသာ
(၄) နှမ်းစေ့ ( မဲ+အဖြူ )......(၃၂) ကျပ်သား
(၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား
(၆) ဆား.........................(၇) ကျပ်သား
(၇) ချင်း..........................(၁၅) ကျပ်သား

ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ် ။

မြေပဲတွေကို လှော်ပြီး အခွံတွေပြောင်စင်ပြီး နေအောင်သန့်စင်ပါ ။ ၂ ခြမ်းကွဲသွားအောင် လက်ဖနောင့်လေးနဲ ဖိလှိမ့်ထားပေးပါ။ (အလွယ်သုံးမြေပဲဆားလှော်တွေမသုံးပါနှင့် )

နှမ်းတွေကိုလည်း သန့်စင်ထားပြီး (လိုအပ်ပါက) လှော်ထားပါ။

အုန်းသီးတွေကို အနေတော်ပါးပါးလှီးစိတ်ပါ ၊ ကြော်ပြီးထည့်မယ်ဆိုရင် နေပူမှာ (၃) နာရီ လောက် ဇကာနှင့်ဖြန့်လှန်းထားပါ။

ဂျင်းတွေကိုအခွံခွါ၍ ရေဆေးပြီးလျှင် မျှင်မျှင်လေးတွေလှီးပါ။

ရေစိမ်ထားတဲ့ကောက်ညှင်းတွေကို ဇကာနှင့်ရေစင်အောင်စစ်ထားပါ။

ပထမဆုံး မိုးဗြဲဒယ် မှာဆီကိုအပူပေးပြီး အုန်းသီးတွေကို ရွှေအိုရောင်ရအောင်ကြော်ပြီး ဆီစစ်ထားပါ ။

ထိုဆီထဲမှာပဲ ချင်းကို ဆီသတ်ပါ ။ အနံ့မွှေးပြီး နွမ်းလာလျှင် ရေစစ်ထားတဲ့ ကောက်ညှင်းဆန် တွေကို ထည့်ပေါင်းကာ သစ်သားယောင်းမ အရှည်နှင့်မွှေပေးပါ ( ကြော်ချင်ဟန်ပြုပါ )

ဆီနဲ့တွေ့ပြီး ကောက်ညှင်းတွေအကြောတင်းသွားပြီဆိုမှ ဆားဖြင့်အရသာသွင်းပါ ။

ကောက်ညှင်းဆန်အထက် ရေ လက် ၂ ဆစ်ခန့်
ထည့်ပြီးစကောကြီးကြီးများကိုလက်ကိုင်ကွင်း
တပ်ထားသောအဖုံးများနှင့် ဖုံးထားပါ ။

ရေမခမ်းခင်အထိတော့ (၁၀ ) မိနစ်တစ်ခါလောက်
ယောင်းမနဲ့နှံ အောင်မွှေပေးရပါမယ် ။

ရေခမ်းသွားပြီဆိုရင်တော့မီးတောက်တွေကို
လျှော့ချပြီး ငှက်ပျောဖက်အုပ်အဖုံးဖုံးကာ နှပ်ပေးရပါမယ် ။

ကျွမ်းကျင်သူတစ်ဦးက စမ်းသပ်ပြီးလို့ နှပ်ပြီး ဆိုကာမှ သစ်သားယောင်းမကိုင်ပြီး မွှေသူ ၂ ဦးရဲ့ ယောင်းမအရင်းကနေကိုင်ပြီး ကောက်ညှင်းတွေ ကို ပွတ်ချေပေးရပါတယ်။
(ထိုအလယ်လူနေရာ ကို ထမနဲကျွမ်းကျင်သူ အိုးသူကြီးများကသာ တာ၀န်ယူတာများပါတယ် )

ထိုအချိန်မှပဲ အိုးသူကြီးညွှန်ကြားချက်အတိုင်း နှမ်း ၊ မြေပဲ ၊ အုန်းသီးကြော် (သို့) အစိမ်းများကို ထည့်ကာ သမသွားအောင် နယ်ပေးပါမှ ကောင်းမွန်တဲ့ ထမနဲ ကိုရရှိတာဖြစ်ပါတယ် ။

CREDIT

image