Castiel ဇာတ်ကောင်ကြောင့် အသံကြိုးပျက်စီးခဲ့ရတယ်လို့ မင်းသား Misha Collins ပြော
ဇူလိုင် ၁၄ရက်၊ ၂၀၂၅။
နာမည်ကျော် TV စီးရီး Supernatural မှာ ကောင်းကင်တမန် Castiel အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Misha Collins ဟာ ဒီဇာတ်ကောင်အတွက် အသံပြောင်းပြောခဲ့ရတာကြောင့် သူ့ရဲ့ အသံကြိုးတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။
သူဟာ မကြာသေးခင်က TV Insider နဲ့ အင်တာဗျူးတစ်ခုမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ Collins က Castiel ဇာတ်ကောင်ကို စတင်သရုပ်ဆောင်စဉ်က အချိန်ပြည့်ပါဝင်ရမယ့် ဇာတ်ကောင်ဖြစ်မှန်း မသိခဲ့တဲ့အတွက် အသံကို အတုလုပ်ပြီး Deepအောင် ပြောခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
Supernatural ရိုက်ကူးပြီး တစ်နှစ်အကြာမှာ သူ့ရဲ့ လည်ချောင်းက အမြဲတမ်းနာနေတဲ့အတွက် ဆရာဝန်နဲ့ သွားပြခဲ့ရာမှာ အသံကြိုးတွေ ထိခိုက်ပျက်စီးနေတာဖြစ်ကြောင်း သိခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။ Collins က ဒါဟာ Castiel ဇာတ်ကောင်ဆီကနေ သူရလိုက်တဲ့ 'အစစ်အမှန် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာ' တစ်ခုပဲလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မင်းသား Jensen Ackles ကလည်း Castiel ရဲ့ အသံကို ပထမဆုံးကြားတုန်းက "သူ ဘာတွေလုပ်နေတာလဲ" ဆိုပြီး အံ့ဩခဲ့ရတယ်လို့ နောက်ပြောင်ခဲ့ပါသေးတယ်။