Superman ရဲ့ အရှိန်ကြောင့် ၂၀၂၆ မှာ DC ပရောဂျက်သုံးခု ထွက်လာမယ်
ဇူလိုင် ၁၄၊ ၂၀၂၅။
DC Studios ရဲ့ DC Universe သစ်အတွက် ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ Superman ဟာ လာမယ့် ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ကနေစတင်ကာ ရုံတင်ပြသနေတာဖြစ်ပြီး ဒီကနေ့အထိ အမေရိကန်အပါအဝင် ပြည်တွင်းပြည်ပရုံတင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၂၁၇ သန်းကျော်အထိ ရရှိနေလျက်ရှိသလို စူပါဟီးရိုးနဲ့ ရုပ်ရှင်ပရိသတ်တွေကြားမှာလည်း အောင်မြင်မှုများစွာရရှိနေပါတယ်။
ဒါဟာ ၂၀၂၁ DC ရုပ်ရှင် The Batman အပြီးမှာ ပထမဆုံးထပ်မံတွေ့မြင်ရလာတဲ့ DC ရဲ့ အောင်မြင်မှုတစ်ခုဖြစ်ပြီး အမေရိကန်ဒေသတွင်းမှာလည်း ဝင်ငွေရရှိမှုမြင့်တက်နေလျက်ရှိနေပါတယ်။
အဲဒီလိုအောင်မြင်မှုတွေကြောင့် DC Studios ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Warner Bros. Discovery ရဲ့ စီအီးအိုဖြစ်သူ David Zaslav က DC Studios ရဲ့ DC Universe အတွက် ဆယ်နှစ်စာအစီအစဥ်ဟာ Superman ကြောင့် အမှန်တကယ်အထမြောက်လာကြောင်း ဂုဏ်ပြုခဲ့ရုံသာမက ၂၀၂၆ မှာ DC ရဲ့ ဘယ်ပရောဂျက်တွေကို ကြည့်ရှုရမယ်ဆိုတာကိုပါ ကြေညာခဲ့ပါတယ်။
DC Studios ရဲ့ DC universe ဟာ ဆယ်နှစ်စာအထိစီမံကိန်းရေးဆွဲဖော်ဆောင်မှာဖြစ်ပြီး တိုက်ရိုက်ချိတ်ဆက်မှုရှိတဲ့ Universe ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေအပြင် သီးခြား DC Elseworlds ရုပ်ရှင်တွေကိုလည်း ထုတ်လုပ်သွားဖို့ရှိပါသေးတယ်။
David Zaslav ရဲ့ အဆိုအရ ၂၀၂၆ မှာ DC ရုပ်ရှင်နှစ်ကားဖြစ်တဲ့ Supergirl နဲ့ Clayface ကို ရုံတင်ပြသမှာဖြစ်ပြီး DC ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Lanterns ကိုတော့ Warner Bros. Discovery ပိုင် HBO Max မှာ ott စနစ်နဲ့ တိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်ကြောင်း သိရပါတယ်။
Lanterns ဟာ Green Lanterns နှစ်ယောက်ဖြစ်တဲ့ Hal Jordan နဲ့ John Stewart ကို အဓိကထားရိုက်ကူးပြသမှာဖြစ်ပြီး Godzilla: King of the Monsters သရုပ်ဆောင် Kyle Chandler က Hal Jordan အဖြစ်၊ Mufasa: The Lion King သရုပ်ဆောင် Aaron Pierre က John Stewart အဖြစ် အဓိကပါဝင်သွားမှာပါ။ Lanterns ကို စုံထောက်ဇာတ်လမ်းတွဲ True Detective ပုံစံနဲ့ ရိုက်ကူးပြသမှာဖြစ်ပြီး ၂၀၂၆ နှစ်ဦးပိုင်းမှာ ကြည့်ရှုရမှာပါ။
Supergirl: Woman of Tomorrow ကို ဇွန် ၂၆၊ ၂၀၂၆ မှာ ရုံတင်ပြသမှာဖြစ်ပြီး House of the Dragon သရုပ်ဆောင် Milly Alcock ​က အဓိကဇာတ်ကောင် Kara Zor-El aka Supergirl အဖြစ် ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Aquaman သရုပ်ဆောင် Jason Momoa က anti hero ဇာတ်ကောင် Lobo အဖြစ်၊ 3 Body Problem သရုပ်ဆောင် Eve Ridley က Ruthye Mary Knolle အဖြစ်၊ Rust and Bone သရုပ်ဆောင် Matthias Schoenaerts က ဗီလိန်ဇာတ်ကောင် Krem of the Yellow Hills အဖြစ် ပါဝင်ထားလျက်ရှိပြီး Oppenheimer သရုပ်ဆောင် David Krumholtz နဲ့ 1899 သရုပ်ဆောင် Emily Beckham တို့က Supergirl ရဲ့ မိဘနှစ်ပါးအဖြစ် ပါဝင်သရုပ်ဆောင်ထားလျက်ရှိပါတယ်။
Supergirl: Woman of Tomorrow ဟာ ၂၀၂၁ ကနေ ၂၀၂၂ အထိထွက်ရှိခဲ့တဲ့ Woman of Tomorrow Comic ကို အခြေခံရိုက်ကူးသွားမယ့်ရုပ်ရှင်ဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ Ana Nogueira က ဇာတ်ညွှန်းရေးသားသွားမှာဖြစ်သလို Disney ရုပ်ရှင်တစ်ကားဖြစ်တဲ့ Cruella ရဲ့ ဒါရိုက်တာဖြစ်သူ Craig Gillespie က တာဝန်ယူရိုက်ကူးပေးသွားမှာဖြစ်ပါတယ်။
စက်တင်ဘာ ၁၁၊ ၂၀၂၆ မှာ ရုံတင်ပြသမယ့် DC ရုပ်ရှင် Clayface ကတော့ body horror ရုပ်ရှင်အမျိုးအစားဖြစ်ပြီး Dc ရဲ့ အထင်ကရဗီလိန်ဇာတ်ကောင် Clayface ကို အဓိကတွေ့မြင်ရမှာပါ။ သရုပ်ဆောင် Tom Rhys Harries က Clayface အဖြစ် ပါဝင်ထားပြီး ဒါရိုက်တာ Mike Flanagan က ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာနေရာကနေ တာဝန်ယူထားလျက်ရှိပါတယ်။
ယခုရုံတင်ပြသနေတဲ့ Superman ကို DC Studios ရဲ့ ပူးတွဲစီအီးအိုတစ်ဦးဖြစ်သူ ဒါရိုက်တာ James Gunn က ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာနေရာတွေကနေ တာဝန်ယူရိုက်ကူးပေးထားတာဖြစ်ပြီး A24 ရုပ်ရှင် Pearl သရုပ်ဆောင် David Corenswet က Superman aka Kal-El အဖြစ်၊ Amazon Prime ဇာတ်လမ်းတွဲ The Marvelous Mrs. Maisel သရုပ်ဆောင် Rachel Brosnahan က Superman ရဲ့ ချစ်သူ Lois Lane အဖြစ်၊ Renfield သရုပ်ဆောင် Nicholas Hoult က ဗီလိန်ဇာတ်ကောင် Lex Luthor အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။

image