22 ပတ် - ဘာသာပြန်ပါ။

ဩစတြေးလျ လက်ခံကျင်းပသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ၁၉ နိုင်ငံမှ တပ်ဖွဲ့ဝင် ၃၅,၀၀၀ ပါဝင်
−−−−−−−−−−−−−−−−−−−−−
Talisman Sabre ဟု အမည်ပေးထားသော အကြီးမားဆုံး စစ်ရေးပူးတွဲလေ့ကျင့်မှုကို ဩစတြေးလျနိုင်ငံတွင် ဇူလိုင် ၁၃ ရက်က စတင်ပြုလုပ်ခဲ့ရာ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ တပ်ဖွဲ့ဝင် ၃၅,၀၀၀ ကျော် ပါဝင်လေ့ကျင့်ကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထိုစစ်ရေးလေ့ကျင့်မှုကို အမေရိကန်နှင့် ဩစတြေးလျတို့အကြား ၂ နှစ် ၁ကြိမ် ပူးတွဲလေ့ကျင့်မှုအဖြစ် ၂၀၀၅ ခုနှစ်တွင် စတင်ခဲ့သည်။

ယခုနှစ်တွင် ကနေဒါ၊ ဖီဂျီ၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေး၊ ပါပူဝါနယူးဂီနီ၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ စင်္ကာပူ၊ ထိုင်း၊ တုံဂါနှင့် ဗြိတိန်အပါအဝင် ၁၉ နိုင်ငံမှပါဝင်ပြီး ရက်သတ္တပတ် ၃ ပတ်ကြာမည်ဟု ဩစတြေးလျ ကာကွယ်ရေးဌာနက ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

မလေးရှားနှင့် ဗီယက်နမ်တို့လည်း စစ်ရေးလေ့ကျင့်မှုတွင် လေ့လာသူများအဖြစ် တက်ရောက်ကြသည်။

Talisman Sabre စစ်ရေးလေ့ကျင့်မှုကို ဩစတြေးလျ၏ အနီးဆုံးအိမ်နီးချင်းဖြစ်သော ပါပူဝါနယူးဂီနီတွင်လည်း ပြုလုပ်မည်ဖြစ်ရာ ဩစတြေးလျပြင်ပတွင် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။

ဩစတြေးလျ ကမ်းရိုးတန်းအနီးတွင် ပြုလုပ်ခဲ့သည့် ယခင် Talisman Sabre စစ်ရေးလေ့ကျင့်မှု ၄ ကြိမ်တွင် တရုတ်သင်္ဘောများက စောင့်ကြည့်ခဲ့ဖူးပြီး လက်ရှိလေ့ကျင့်မှုကိုလည်း စောင့်ကြည့်နိုင်သည်ဟု ကာကွယ်ရေးစက်မှုဝန်ကြီး ပတ်ကွန်ရွိုင်းက ပြောသည်။

"တရုတ်စစ်တပ်ဟာ ၂၀၁၇ ခုနှစ်ကတည်းက ဒီလေ့ကျင့်မှုတွေကို လေ့လာစောင့်ကြည့်ခဲ့တာပါ။ သူတို့ လေ့လာစောင့်ကြည့်တာ မလုပ်ဘူးဆိုရင် အရမ်းထူးဆန်းနေမှာပေါ့" ဟု Australian Broadcasting Corp. သို့ ပတ်ကွန်ရွိုင်းက ပြောသည်။

"ကျွန်တော်တို့ လိုအပ်သလို ချင့်ချိန်လုပ်ဆောင်သွားမှာပါ။ သူတို့ (တရုတ်) ရဲ့ လှုပ်ရှားမှုတွေကို လေ့လာစောင့်ကြည့်မှာဖြစ်သလို ဩစတြေးလျပတ်ဝန်းကျင်မှာ သူတို့ရှိနေမှုကိုလည်း စောင့်ကြည့်မှာပါ၊ ဒီလေ့ကျင့်မှုတွေကို ကျွန်တော်တို့ ဘယ်လိုလုပ်ဆောင်မလဲဆိုတာကိုလည်း ချိန်ညှိသွားမှာပါ" ဟု ကွန်ရွိုင်းက ဆိုသည်။

ပုံစာ − နိုင်ငံပေါင်း ၁၉ နိုင်ငံပါဝင်သော ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်နေပုံများ (ဓာတ်ပုံ − AFP)

image