တရုတ်နိုင်ငံမှာ BL စာရေးဆရာမတွေ ဆက်တိုက် ဖမ်းဆီးဖြိုခွင်းခံနေရ
ဇူလိုင် ၁၃ရက် ၂၀၂၅
တရုတ်နိုင်ငံမှာ ယောက်ျားချင်းကြိုက်တဲ့ အညှီအဟောက်ဇာတ်လမ်းတွေရေးသားသူ တရုတ်စာရေးဆရာမတွေ ဆက်တိုက်ဖြိုခွင်းခံနေရတယ်လို့ သိရပါတယ်။ ယခုနှစ် ဖေဖော်ဝါရီလကစပြီး အသက် (၂၀) အရွယ်အတွင်းက စာရေးဆရာမ အယောက် ၃၀ ကျော်က ယောက်ျားချင်းကြိုက်တဲ့ စာပေတွေရေးသားမှုကြောင့် ဖမ်ဆီးထိန်းသိမ်းခံနေရတာ ဖြစ်ပါတယ်။ ဒီထဲက တချို့ဆိုရင် လူပုံအလယ်မှာ ဒရွတ်တိုက်ဆွဲခေါ်ခံရသလို တချို့ဆိုရင် ဝတ်လစ်စလစ်နဲ့ စစ်ဆေးမေးမြန်းခံရပြီးတော့ အရှက်ခွဲခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီအတွက် ရှေ့နေတွေကလည်း လိုအပ်တဲ့ အကူအညီတွေကို ပေးမယ်ဆိုပြီး နစ်နာသူတွေဆီ ကမ်းလှမ်းနေတယ်လို့ သိရပါတယ်။
ဒီစာရေးဆရာမတွေက ထိုင်ဝမ်အခြေစိုက် လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုကနေ ယောက်ျားချင်းကြိုက်တဲ့ အညှီအဟောက်စာပေတွေကို ရေးသားဖြန့်ဖြူးခဲ့တာဖြစ်ပြီး တနိုင်တပိုင် ဝင်ငွေရှာနေခဲ့တာဖြစ်ပါတယ်။ ဒီစာပေတွေက ယောက်ျားချင်းကြား BDSM ဆက်ဆံရေးကနေ တစ်သက်လုံး ပျော်ရွှင်စွာ အတူတကွ နေထိုင်သွားကြလေသတည်းဆိုတဲ့ ဇာတ်လမ်းကို အများဆုံးပုံဖော်ထားတာဖြစ်ပြီး သမိုင်းနောက်ခံ၊ စိတ်ကူးယဉ်နောက်ခံ၊ Sci-Fi နောက်ခံတွေနဲ့ ရေးသားထားတာပါ။ ဒီပလက်ဖောင်းကိုတော့ တရုတ်က ပိတ်ပင်ထားပြီး အသုံးပြုသူတွေအနေနဲ့ VPN တစ်ဆင့်ခံပြီးတော့ ဖတ်ရှုရတာ ဖြစ်ပါတယ်။
ဒီစာပေတွေကို ရေးသားသူ တရုတ်စာရေးဆရာမတွေအနေနဲ့ တရုတ်နိုင်ငံရဲ့ ညစ်ညမ်းစာပေ ထုတ်ဝေဖြန့်ဖြူးခြင်း ဉပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံရတာဖြစ်ပြီး ဒီကနေ အကျိုးအမြတ်တစ်စုံတရာ ဝင်ငွေရသူတွေက ထောင်ဒဏ် (၁၀) နှစ်ကနေစပြီး ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။ ဒီဉပေဒက လိင်တူချင်းဆက်ဆံတာကို တစ်တစ်ခွခွ သရုပ်ဖော်ပြတာနှင့် တခြားလိင်မှုဖောက်ပြန်ရေးတွေအပေါ်ကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက စာရေးဆရာမတစ်ယောက်ဟာ စာအုပ်ပေါင်း (၇,၀၀၀) ကျော် ရောင်းချရပြီးနောက် အညှီအဟောက်စာပေ ရေးသားဖြန့်ဝေမှုနဲ့ ထောင်ဒဏ် (၁၀) နှစ် ပြစ်ဒဏ်ပေးခံခဲ့ရပါတယ်။
ဒီလို ဖြိုခွင်းခံရမှုနဲ့ ပတ်သက်ပြီး တရုတ်လူမှုကွန်ယက်ပလက်ဖောင်းဖြစ်တဲ့ Weibo မှာ ဆွေးနွေးငြင်းခုန်မှုတွေ ဆက်တိုက်ပေါ်ပေါက်နေပြီး ဒီဉပဒေကို မေးခွန်းထုတ်သူတွေလည်း ရှိလာနေပါတယ်။ ဒီအတွက် တရုတ်အာဏာပိုင်တွေက စာရေးဆရာမတွေရဲ့ အကောင့်တွေနဲ့ ရေးသားဖြန့်ဝေမှုတွေကို ပိတ်ပင်ဖျက်သိမ်းတာမျိုးတွေအထိတောင် လုပ်နေပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံမှာ လိင်တူချင်းကြိုက်တဲ့ အညှီအဟောက်စာပေတွေ၊ ရိုမန့်တွေကို ရေးသားဖြန့်ဝေသူတွေ ထုနဲ့ထည်နဲ့ရှိသလို ဖတ်ရှုအားပေးတဲ့ ပရိသတ်တွေကလည်း အင်မတန်မှ အားကောင်းတဲ့အနေအထားမှာ ရှိနေပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဒီစာပေဇာတ်လမ်း (၆၀) လောက်ကို အခြေခံပြီးတော့ ရုပ်ရှင်နဲ့ တီဗီဇာတ်လမ်းတွေအဖြစ် ပြန်လည်ရိုက်ကူးခဲ့တာမျိုးတောင် ရှိခဲ့ပါသေးတယ်။
ယခုလို ယောက်ျားချင်းကြိုက်တဲ့ ဇာတ်လမ်းတွေက တရုတ်ဈေးကွက်အတွင်း နေရာကြီးကြီးမားမားယူထားပြီး အောင်မြင်မှုတွေ ရနေပေမဲ့ တစ်ဖက်မှာလည်း ဆက်တိုက်ဆိုသလို နှိမ်နှင်းဖြိုခွင်း ခံနေရပါတယ်။ စာရေးဆရာမတစ်ယောက်ဆိုရင် စစ်ဆေးမေးမြန်းသူတွေ ရှေ့မှာ ဝတ်လစ်စလစ်ဖြစ်တဲ့အထိ အရှက်ခွဲခံရပြီး မှတ်တမ်းတွေလည်း ရယူကာ အကြမ်းဖက် စစ်ဆေးခံရတယ်လို့ ပြောပါတယ်။ နောက်ထပ် စာရေးဆရာမ တစ်ယောက်ကိုတော့ အတန်းထဲ စာသင်နေတုန်း စာသင်ခန်းထဲကနေ အကြမ်းပတမ်းဆွဲထုတ်သွားခံရပြီး အဆောင်အခန်းထဲလည်း ဝင်စီးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ကို အတန်းဖော်တွေကလည်း ကြည့်နေခဲ့ရပြီး အရှက်ကွဲခဲ့တယ်လို့ စာရေးဆရာမက ဆိုပါတယ်။ ဒါပေမဲ့ အခြား စာရေးဆရာမ တစ်ယောက်ကိုတော့ ရဲတွေက သဘောထားကြီးကြီးနဲ့ ဆက်ဆံပေးခဲ့ပြီး ရှေ့နေနဲ့တွေ့ပြီးတော့ တရားမဝင်ငွေကြေး ရရှိမှုနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ဖို့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ယခုလို တရုတ်အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေ့နေတဲ့ အနေအထားမှာ လိင်တူချင်းကြိုက်တဲ့စာပေတွေကို နှစ်ပေါင်း (၂၀) ကျော်ကြာရေးသားခဲ့တဲ့ အမည်မဖော်လိုသူ စာရေးဆရာမတစ်ယောက်ကတော့ အခုလို တရုတ်အာဏာပိုင်တွေရဲ့ နှိမ်နှင်းဖြိုခွင်းတာမျိုးက သူ့ကို ယောက်ျားချင်းကြိုက်တဲ့ စာပေတွေ ရေးသားတာမျိုးကို ရပ်တန့်စေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

image