စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်း နှစ်ပတ်ဆက်တိုက်ဈေးငြိမ်နေ
အပတ်စဉ်ထုတ်ပြန်ပေးနေသည့် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည်နှစ်ပတ်ဆက်တိုက်ဈေးငြိမ်နေကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။
ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဇူလိုင် ၁၄ ရက်မှ ၂၀ ရက် အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၀၃၀ ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စားအုန်းဆီကို Door to Door စနစ်ဖြင့် ဖုန်းဆက်မှာယူနိုင်ကြောင်းလည်း သိရသည်။
ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

