#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ရုရှားနိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားသို့ သုံးရက်ကြာ သွားရောက်မည်
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်သည် ဇူလိုင် ၁၁ ရက်မှစတင်၍ မြောက်ကိုရီးယားသို့ သုံးရက်ကြာခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
၎င်းသည် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆန်ဟွေနှင့် တွေ့ဆုံဆွေးနွေးမည်ဟုဆိုသည်။ လက်ဗရော့ဗ်သည် ရုရှားသမ္မတပူတင်ထံမှ သတင်းစကားကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ထံ ပေးပို့မည်ဟု ရုရှားတာဝန်ရှိသူများကပြောသည်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ဆာဂေးလက်ဗရော့ဗ်သည် ဇူလိုင် ၁၁ရက်တွင် စတင်လာရောက်မည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနကလည်း အတည်ပြုထားသည်။
နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်သဘောတူ စာချုပ်ကို လွန်ခဲ့သည့်နှစ်ကရရှိခဲ့ပြီး နောက်နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခဲ့သည်။
မြောက်ကိုရီးယားသည် ရုရှားအနောက်ပိုင်း ခါ့ချ်ဒေသတွင် ယူကရိန်းနှင့် တိုက်ပွဲများ၌ ရုရှားကိုကူညီရန် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနှင့် လက်နက်ခဲယမ်းမီးကျောက်များ ထောက်ပံ့ပေးခဲ့သည်။ ထို့ပြင်မကြာမီတွင်လည်း မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ထပ်မံစေလွှတ်ဖွယ်ရှိသည်ဟု တောင်ကိုရီး ယားထောက်လှမ်းရေးက သုံးသပ်ထားသည်။
နှစ်နိုင်ငံမိတ်ဖက် သဘောတူစာချုပ်အရ တစ်နိုင်ငံစစ်ဖြစ်ပါက ကျန်တစ်နိုင်ငံက ကူညီရမည်ဟုပါရှိပြီး မြောက်ကိုရီးယားသည် ရုရှားအတွက် တပ်ဖွဲ့ဝင်နှင့်လက်နက်များ ပေးပို့ခြင်းအတွက် အပြန်အလှန်အားဖြင့် ဒုံးကျည်၊ ဒရုန်းနှင့် အခြားသော နည်းပညာများကို ရုရှားကထောက်ပံ့ပေးခဲ့ကြောင်း စောင့်ကြည့်လေ့လာသူ များက ပြောသည်။
အင်န်အိတ်ချ်ကေ