ခိုးထားတဲ့ credit cards တွေနဲ့ iPhone အလုံး ၂၀ ကျော် ဝယ်ခဲ့သူ
နိုင်ငံတကာလူလိမ်ဂိုဏ်းဝင်တစ်ယောက် credit card သုံးပြီး ဖုန်းဝယ်လို့ အဖမ်းခံလိုက်ရပါတယ်။
တရုတ်နိုင်ငံသား ကျောင်းထျန်ယွီဆိုသူက phishing scam လုပ်ပြီး ခိုးလာတဲ့ credit cards အချက်အလက်တွေနဲ့ ဖုန်းဝယ်တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ သူ့အသိ ကျောက်ယုံကျိဆိုသူက စင်ကာပူမှာ လစာ ယွမ် ၁၅၀၀၀ (စင်ကာပူဒေါ်လာ ၂၆၀၀) နဲ့ အလုပ်လုပ်မလားဆိုပြီး ခေါ်လို့ ရောက်လာတာပါ။
စင်ကာပူရောက်ပြီးတော့ ကျောင်းထျန်ယွီကို အလိမ်ခံရသူတွေဆီက Credit Card အချက်အလက်တွေကို အဝေးကနေ ထည့်ပေးနိုင်တဲ့ app ပါတဲ့ ဖုန်းတစ်လုံး ပေးပါတယ်။ ဒီဖုန်းကို သုံးပြီး ဖုန်းဆိုင်တွေမှာ contactless ငွေချေမှုနဲ့ ဖုန်းဝယ်ခိုင်းဖို့ပါ။
ဒီနည်းနဲ့ သုံးရက်အတွင်း credit cards အချက်အလက်တွေ သုံးပြီး စင်ကာပူက ဖုန်းဆိုင်တွေမှာ စုစုပေါင်း ဒေါ်လာ ၄ သောင်းကျော်တန်မယ့် iPhone အလုံး ၂၀ ကျော် ဝယ်သွားတာပါ။ ဝယ်သွားတာက iPhone 16 တွေ ဖြစ်ပြီး စင်ကာပူ Bugis Junction က iStudio ၊ Funan နဲ့ Plaza Singaura တို့မှာ ရှိတဲ့ best Denki နဲ့ Challenger ဆိုင်တွေမှာ လိုက်ဝယ်ပါတယ်။
ဒီလူက သူဝယ်လာခဲ့တဲ့ iPhone တွေကို ကျောက် ယုံကျိနဲ့ လိုက်ပြီး နာမည်မသိရတဲ့ ဝယ်လက်တစ်ယောက်ဆီ ပြန်ရောင်းပါတယ်။ ဒီလိုလုပ်ပေးလို့ သူက ဒေါ်လာ ၂၂၅၀၀ ရခဲ့တယ်လို့ ဆိုပါတယ်။ ရဲဘက်က သူ့ကို ဖမ်းမိသွားတဲ့နောက် ကျောင်းထျန်ယွီက သူ့အပြစ်ကို ဝန်ခံပါတယ်။
ဇူလိုင် ၈ ရက်မှာ ဒီလူကို လိမ်လည်မှု နဲ့ ရာဇဝတ်မှုကနေ အကျိုးအမြတ်ရယူမှုနဲ့ ထောင်ဒဏ် လ ၃၀ ချမှတ်လိုက်ပါတယ်။ ဒီအမှုမျိုးက စင်ကာပူမှာ ထောင်ဒဏ် ၁၀ နှစ် ၊ ငွေဒဏ် ဒေါ်လာ ၅ သိန်းအထိ အမြင့်ဆုံးချမှတ်နိုင်တဲ့ အမှုမျိုးလို့ ဆိုပါတယ်။
