ရှေ့ရေးစိတ်မအေးတဲ့ တရုတ်လူငယ်တွေ DeepSeek ကို ဗေဒင်ပိုမေးလာ
တရုတ်မှာ DeepSeek ကို ဗေဒင်ဟောစာတန်းတွေ ထုတ်ခိုင်းတာ အလုပ်ဖြစ်နေလို့ ရိုးရာဗေဒင်ဆရာတွေ စိတ်ညစ်နေကြတယ်လို့ ဆိုပါတယ်။
ပုံမှန်အတိုင်းဆို အလုပ်အကိုင်ခက်ပြီး အနာဂါတ်ပျောက်လေလေ ဗေဒင်ဆရာတွေ ခေတ်ကောင်းလေလေ ဖြစ်ရမှာပါ။ အခုတော့ ရိုးရာဗေဒင်နည်းနာတွေ ထည့်သွင်းထားတဲ့ AI ကို မေးတာက ပိုမြန် ပိုလွယ် ပိုလည်း ပြည့်စုံတော့ AI ဗေဒင်ပဲ အကြည့်များလာနေပါတယ်။
DeepSeek ရဲ့ နောက်ဆုံးထွက် အဆင့်မြင့်ဆုံး AI reasoning model ဖြစ်တဲ့ DeepSeek R1 ဆို ၁၅ စက္ကန့်နဲ့ ရှေ့ဖြစ်ဟောတွေ ထုတ်နိုင်တော့ လူသုံးများလာတာ မဆန်းဘူးလို့ ပြောရမှာပါ။ AI ကို ဗေဒင်မေးရတာလည်း လွယ်ပါတယ်။
"Bazi (တရုတ်ရိုးရာနက္ခတ်ဗေဒင်ဆရာ) လုပ်ပြီး ငါ့ကံကြမ္မာကို ဖတ်ပေးပါ။ ငါ့စရိုက်ဝါသနာ နဲ့ ရှေ့ရေးတွေ ၊ ငွေကြေးကံကြမ္မာတွေ ဟောပေးပါ။ " ဆိုပြီး ကိုယ်ရဲ့ လိင်(ကျား/မ) ၊ မွေးသက္ကရာဇ် နဲ့ လိပ်စာပေးလိုက်ရင် AI က ဗေဒင်ဟောတော့တာပါပဲ။
ဘယ်နှစ်မှာ ငွေအများကြီးရမယ် ၊ ဘယ်နှစ်မှာ ကံကောင်းခြင်းတွေ လာမယ်ဆိုတာမျိုးပေါ့။ အပြင်မှာ ဒါမျိုးရိုးရာဗေဒင်ဆရာဆီ သွားရင် ဟောခ ယွမ် ၅၀၀ (မြန်မာငွေ ၃ သိန်းကျော်လောက်) ကုန်ပေမယ့် DeepSeek မှာတော့ free မေးလို့ ရပါတယ်။ တကယ်လို့ DeepSeek AI သုံး AI ဗေဒင် app တွေကို မေးရင်တော့ သူ့ဟောကြေးနဲ့သူ ရှိပါတယ်။
ဗေဒင်မေးပြီး စိတ်သက်သာရာရှာချင်သူတွေအတွက် AI ရဲ့ အဖြေက စိတ်ထွက်ပေါက်ပေးနိုင်ပါတယ်။ တရုတ်မှာ DeepSeek ကို AI ဗေဒင်မေးတဲ့သူ ဘယ်လောက်ရှိလဲ မပြောနိုင်ပေမယ့် ဖေဖော်ဝါရီတစ်လထဲ WeChat မှာတင် DeepSeek fortune-telling ဆိုပြီး mention ခေါ်ထားတဲ့ ပို့စ်ပေါင်း ၂ သန်းကျော်ပါတယ်။
နိုင်ငံစီးပွားရေးအကျပ်ဘက်ရောက်ပြီး အလုပ်အကိုင်မကောင်းချိန် DeepSeek ကို အိတ်ဆောင်ဗေဒင်ဆရာလို အသုံးပြုသူတွေ တရုတ်မှာ သန်းနဲ့ချီ ရှိနေမှာတော့ သေချာပါတယ်။ DeepSeek ဟောချက်တွေ အကုန်ယုံမရပေမယ့် ဗေဒင်ကြည့်မှ စိတ်ပြေတဲ့သူတွေအဖို့တော့ AI ဗေဒင်က အဖော်တစ်ယောက်အဖြစ် ရှိနေဦးမှာပါ။
