Nova ကြယ်ပေါက်ကွဲမှု ကြောင့် ဖြစ်ပေါ်လာတဲ့ အီလက်ထရောနစ်ခေတ် ရဲ့ မရှိမဖြစ် လီသီယမ် ( Lithium) ဒြပ်စင်
ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်ရာမှာ မရှိမဖြစ် ပါဝင်တဲ့ လီသီယမ် (Lithium) ဒြပ်စင် ကို ကြယ်ပုဖြူ (White Dwarf Stars) တွေမှာ ဖြစ်ပေါ်တဲ့ နိုဗာ ပေါက်ကွဲမှု (Nova) ကနေ ရရှိနိုင်တယ်လို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကြယ်ပုဖြူတွေ ပေါ်မှာ ဖြစ်ပေါ်တဲ့ နျူကလီးယား ပေါက်ကွဲမှုတွေ ဟာ လီသီယမ် ထုတ်လုပ်နေတဲ့ စက်ရုံတွေ ဖြစ်တယ်လို့ တွေ့ရှိခဲ့တာပါ။ ဒီ သီအိုရီ ကို တွေ့ရှိခဲ့တာ ကြာပြီ ဖြစ်ပေမယ့် ယခုမှ သက်သေပြချက် ကို ပြုလုပ်လာနိုင်တာပါ။
လီသီယမ် ဒြပ်စင် ဟာ မဟာပေါက်ကွဲမှုကြီး (Big Bang) ဖြစ်စဉ်အတွင်းမှာ ဖြစ်တည်လာတဲ့ အလေးဆုံး ဒြပ်စင် ဖြစ်ပါတယ်။ အခြား ဒြပ်စင် ၂ ခုဖြစ်တဲ့ ဟိုက်ဒရိုဂျင် (Hydrogen) နဲ့ ဟီလီယမ် (Helium) လဲ Big Bang ဖြစ်စဉ်အတွင်းမှာ ဖြစ်တည်လာခဲ့ပါတယ်။ ယနေ့ ခေတ်မှာတော့ လီသီယမ် ဟာ ကျွန်တော်တို့ ရဲ့ နည်းပညာ တိုးတက်မှုတွေ ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းကနေ ပါဝင်နေပြီး Lithium ဘက်ထရီ တွေ က စလို့ စမတ်ဖုန်းတွေ လျှပ်စစ်ကား တွေ နဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်း မျိုးစုံမှာ ပါ၀င်နေပါတယ်။
ဒါပေမယ့် ယနေ့တိုင် လီသီယမ် ဒြပ်စင် အကြောင်းကိုတော့ သေချာသိရှိထားခြင်းမရှိသေးပါဘူး။ Big Bang Theory အရ Big Bang ဖြစ်ပေါ်ပြီး အချိန်တို အတွင်းမှာတင် ကျွန်တော်တို့ စကြ၀ဠာ ကြီး က အေးလာခဲ့ပြီး ပထမဆုံးသော ဒြပ်စင်တွေ ပေါ်ပေါက်လာပါတယ်။ အဆိုပါ ဒြပ်စင်တွေထဲမှာ ဟိုက်ဒရိုဂျင် ဟာ ၄ ပုံ ၃ ပုံ ခန့် ပါဝင်ပြီး ဟီလီယမ်ကတော့ ကျန် ၄ ပုံ ၁ ပုံခန့် ပါဝင်ပါတယ်။ လီသီယမ် က တော့ ကျန်ရှိတဲ့ ရာခိုင်နှုန်း အနည်းငယ်ပဲ ပါဝင်ပါတယ်။ ဒါပေမယ့် နက္ခတ္တဗေဒ ပညာရှင်တွေဟာ ကြယ်တွေကို လေ့လာတိုင်းမှာ အဆိုပါ ကြယ်တွေမှာ လီသီယမ် ပါဝင်မှုဟာ ခန့်မှန်းထားတာထက်ကို နည်းနေတာတွေ့ရပါတယ်။ ဒီတွေ့ရှိချက်တွေကို ပြန် ဖြေရှင်းမှုတွေ အရ လီသီယမ် ဒြပ်စင် ဟာ ကြယ်တစ်လုံး ရဲ့ အပေါ်ယံ အလွှာကနေ အတွင်းပိုင်းထိ တဖြည်းဖြည်း ဝင်ရောက်သွားပြီး ကြယ်အတွင်း ပိုင်းမှာ တင် ဖျက်ဆီး ခံလိုက်ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သက်တမ်းနုတဲ့ ကြယ်တချို့မှာ သက်တမ်းရင့်ကြယ်တွေ ထက် လီသီယမ် ပိုမိုများပြားစွာ ပါဝင်နေတာကို တွေ့ရှိလာရပါတယ်။
ဒီပိုများတဲ့ လီသီယမ်တွေ ဘယ်ကနေရောက်လာတာလဲ လို့ ရှာဖွေရာမှာတော့ အနီးစပ်ဆုံး အဖြေအနေနဲ့ နိုဗာ (Nova) ကြယ်ပေါက်ကွဲမှု ကြောင့်လို့ တွေ့ရှိလာရပါတယ်။ ကြယ်တစ်ခုလုံး ပေါက်ကွဲ ပျက်စီးသွား စေတဲ့ စူပါနိုဗာ (Supernova) ကြယ်ပေါက်ကွဲမှုနဲ့ မတူပဲ Nova က အဆိုပါကြယ် ရဲ့ မျက်နှာပြင်ပေါ်မှာ ပဲ ပေါက်ကွဲမှု ဖြစ်ပေါ်တာပါ။ ကြယ် ၂ လုံး ပါဝင်တဲ့ ဒွိစုံ ကြယ် စနစ်တွေ မှာ ကြယ်တစ်လုံး ကသက်တမ်းကုန်ဆုံးသွားပြီး ကြယ်ပုဖြူ ဖြစ်ပေါ်လာပါတယ်။ အဆိုပါ ကြယ်ပုဖြူကို လှည့်ပတ်နေတဲ့ သူ့ရဲ့ အဖော်ကြယ်ရဲ့ ပတ်လမ်း ဟာ နီးကပ်နေပါက ကြယ်ပုဖြူဟာ အဖော်ကြယ် မှာပါဝင်တဲ့ ဒြပ်ထု တွေ ကို ဆွဲငင်ပါတော့တယ်။ အဆိုပါ ဒြပ်ထုတွေ ဝင်ရောက်လာတဲ့ ဧရိယာ ဝန်းကျင်မှာ အပူချိန် နဲ့ ဖိအား တဖြည်းဖြည်းတိုးလာပြီး အချိန်တစ်ခု ရောက်ရင် နိုဗာ ကြယ်ပေါက်ကွဲမှုဖြစ်ပေါ်လာတာပါ။ နိုဗာ ကြယ်ပေါက်ကွဲမှု တွေဟာ ကြယ်တစ်ခုလုံးကိုချက်ချင်း မဖျက်ဆီး နိုင်ပေမယ့် အချိန်ကာလ ကြာလာတဲ့အခါမှာ ကြယ်ပုဖြူပေါ် မှာ လုံလောက်တဲ့ ဒြပ်ထု ကျရောက်ပြီးရင်တော့ စူပါနိုဗာ (Type1a Supernova) အမျိုးအစား ဖြစ်ပေါ်ပြီး ကြယ်ပုဖြူကို ပျက်စီး စေနိုင်ပါတယ်။
နိုဗာ ကြယ်ပေါက်ကွဲမှုတွေ ဟာ လီသီယမ် ဒြပ်စင်ရဲ့ အရင်းအမြစ်တွေ ဖြစ်ပြီး စကြ၀ဠာ ကြီး သက်တမ်းရင့်လာတာနဲ့ အမျှ နေကဲ့ သို့သော ကြယ်တွေ ဟာ သက်တမ်းကုန်ဆုံးပြီး ကြယ်ပုဖြူ ဖြစ်ပေါ်လာကာ ပိုမိုများပြားတဲ့ နိုဗာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ အဆိုပါ နိုမာ ပေါက်ကွဲမှုတွေ ကြောင့် လီသီယမ်တွေ ဖြစ်ပေါ်နေတဲ့ ကြယ်ပုဖြူဟာ နောက်ဆုံးမှာ စူပါနိုဗာ ဖြစ်ပေါ် ပေါက်ကွဲပျက်စီး ကာ အဆိုပါ လီသီယမ် တွေ ကို Interstellar Medium အာကာသ ဟင်းလင်းပြင်ထဲကို ထုတ်လွှတ်ပြန့်နှံ့သွားစေပါတယ်။ ဒီ ပြန့်နှံ့ လာတဲ့ လီသီယမ် တွေဟာ အခြားသော ကြယ်အသစ်ဖြစ်ပေါ်ရာမှာ ပါဝင်ပြီး သက်တမ်းနုတဲ့ ကြယ်တွေ မှာ သက်တမ်းရင့် ကြယ်တွေထက် ပိုမိုပါဝင်လာပါတယ်။
2013 ဒီဇင်ဘာ လ မှာဖြစ်ပေါ်ခဲ့တဲ့ the nova V1369 Cen ကို ကမ္ဘာပေါ်ရှိ အာကာသကြည့် မှန်ပြောင်းတွေ နဲ့ လေ့လာခဲ့ရာမှ အဆိုပါ လီသီယမ် ဖြစ်ပေါ်တာကို စတင်တွေ့ရှိခဲ့တာပါ။ ဒါပေမယ့် အဆိုပါ ကြယ်ပေါက်ကွဲမှု က အလင်းနှစ် ၃၂၀၀ ခန့်ကွာဝေးတာကြောင့် အဆိုပါ တွေ့ရှိမှု ဟာ လွဲ ချော်နိုင်နှုန်း ၂.၁ ရာခိုင်နှုန်းတော့ ရှိနေပါသေးတယ်။ ဒါပေမယ့် ဒီပေါက်ကွဲမှုကို လေ့လာနေတဲ့ သိပ္ပံပညာရှင် အဖွဲ့ ကတော့ ဒီဖြစ်စဉ် ကို ခန့်မှန်းထားတဲ့ အချိန် မှာ ခန့်မှန်းထားတဲ့ လီသီယမ် ပမာဏ ကို တူညီစွာ တွေ့ရှိရတာကြောင့် တိုက်ဆိုင်မှု တစ်ခု မဖြစ်နိုင်ဘူးလို့ တော့ ယူဆထားကြပါတယ်။ နည်းပညာ ပိုမို မြင့်မားလာပြီး စွမ်းအားမြင့် အာကာသ မှန်ပြောင်းတွေ ပိုမို တည်ဆောက်လာနိုင်တာကြောင့် နောက် ဖြစ်ပေါ်လာမယ့် နိုဗာ ပေါက်ကွဲမှုတွေ ကို စောင့်ကြည့်လေ့လာပါက ဒီ လီသီယမ် အရင်းအမြစ် ဟာ နိုဗာ ကြယ်ပေါက်ကွဲမှု ကြောင့် ဆိုတဲ့ အဖြေကို အတိအကျ ပေးနိုင်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် အာကာသ ထဲက ဖြစ်ရပ်တွေကို စောင့်ကြည့်လေ့လာ တာဟာ ကျွန်တော်တို့ နေ့စဉ် ဘ၀ ရဲ့ အရေးကြီး တဲ့အစိတ်အပိုင်း ဖြစ်လာတဲ့ အသုံးအဆောင် ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အထောက်အကူ များစွာ ပြုနိုင်ပါတယ်။

image
image
image
image