#ယနေ့ထုတ်သတင်းစာ_အားကစားသတင်း
◼ ဒါဝင်နူးနက်ဇ်ကို ရောင်းချနိုင်ရေး ကြီးမားသော ငွေကြေးပမာဏကို အဆုံးအရှုံးခံရန် လီဗာပူးအသင့်ဖြစ်
လီဗာပူးသည် ယခုနွေရာသီတွင်၎င်းတို့၏တိုက်စစ်မှူး ဒါဝင်နူးနက်ဇ် ကို ငွေကြေးအမြောက်အမြားဆုံးရှုံးအနစ်နာခံ၍ ရောင်းချရန် ဆုံးဖြတ်လိုက်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။
လီဗာပူးသည် လွန်ခဲ့သည့်သုံးနှစ်က ဒါဝင်နူးနက်ဇ်ကို ခေါ်ယူရာတွင် ပြောင်းရွှေ့ကြေးပေါင် ၈၅ သန်းအထိကုန်ကျခဲ့သော်လည်း ဥရုဂွေးတိုက်စစ်မှူးသည်ထိုကာလအတွင်း အန်ဖီးလ်၌ရုန်းကန်ခဲ့ရကာ ပြီးခဲ့သောရာသီတွင် အာနီစလော့ပ်၏ လက်အောက်တွင်လည်း ပရီးမီးယားလိဂ်၌ရှစ်ပွဲသာ ပွဲထွက်ပါဝင်ခွင့်ရရှိခဲ့ပြီး ငါးဂိုးသာသွင်းယူထားနိုင်ခဲ့သူဖြစ်သည်။
ထို့ကြောင့်လီဗာပူးတာဝန်ရှိသူများမှာ ယခုနွေရာသီတွင် ၎င်းကိုပြန်လည်ရောင်းချရန် ဆုံးဖြတ်ထားခဲ့ပြီးနောက် ယခုအခါတွင် ဥရုဂွေးတိုက်စစ်မှူးကို ခေါ်ယူရန် စုံစမ်းမှုများပြုလုပ်ခဲ့သည့် စီးရီးအေကလပ် နာပိုလီထံ ၎င်းတို့၏သတ်မှတ်တန်ကြေးကို အကြောင်းပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
နာပိုလီနည်းပြ အန်တိုနီယိုကွန်တီသည် တိုက်စစ်ပိုင်းတွင် ရိုမီယိုလူကာကူတစ်ဦးတည်းကိုသာ အားထားနေရသည့်အဖြစ်ကို လျှော့ချနိုင်ရန်အတွက် ဒါဝင်နူးနက်ဇ်ကိုခေါ်ယူရန် စုံစမ်းမေးမြန်းမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကာ ယခုအခါတွင် လီဗာပူးတာဝန်ရှိသူများက ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၄၃ ဒသမ ၂ သန်းနှင့် အပိုဆုကြေးပေါင် ၄ ဒသမ ၃ သန်း ပေးချေရန် အကြောင်း ပြန်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများကဖော်ပြခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အဆိုပါသတင်းအရင်းအမြစ်ဖြစ်သော အီတလီသတင်းထောက် ဂီယန်လူကာဒီမာဇီယိုက ဒါဝင်နူးနက်ဇ်ကို စပိန်ကလပ် အက်သလက်တီကိုနှင့် ဆော်ဒီကလပ် အယ်လ်ဟီလာတို့ကလည်း စောင့်ကြည့်မှုများပြုလုပ်နေကြောင်း ထပ်မံ၍ သတင်းထုတ်ပြန်ခဲ့သည်။

image