#နိုင်ငံတကာသတင်း
◼ လက်ရှိမြန်မာ့အရေးအပေါ်စိုးရိမ်ကြောင်းအာဆီယံနိုင်ငံခြားရေးဝန်ကြီးများပြော
မြန်မာနိုင်ငံတွင် လက်ရှိဆက်လက်ဖြစ်ပွားနေသည့် အကျပ်အတည်းနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပနေသည့် (၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) တွင်အဖွဲ့ဝင်နိုင်ငံများကပြောကြားကြသည်။
“မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအလေးအနက်ပြောရရင်ပြည်တွင်းငြိမ်းချမ်းရေးကို ကျွန်တော်တို့ လိုချင်ပါတယ်။” ဟုအင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနိုက ယမန်နေ့အစည်းအဝေးတွင် ပြောကြားသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အာဆီယံမိသားစု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် မြန်မာနိုင်ငံအတွက် စိုးရိမ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကအစည်းအဝေးအတွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပံ့ပိုးပေးနိုင်သည့် ဦးစားပေးအကူအညီဖြင့် စတင်ကာ ပူးပေါင်းဖြေရှင်းရမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနိုက က ဆက်လက်ပြောသည်။
“ကျွန်တော်တို့တစ်နိုင်ငံချင်းစီက ဘယ်လိုကူညီနိုင်ကြမလဲ။”ဟု၎င်းကဆိုသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်စေသည့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းအတွက် အဖြေရှာရန် တွေ့ဆုံဆွေးနွေးမှုများအား အင်ဒိုနီးရှားအနေဖြင့် ဆက်လက်အားပေးနေသည်ဟု ယခုနှစ် ဇန်နဝါရီတွင် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့၌ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ သံတမန်ရေးရာ ဆွေးနွေးမှုအတွင်း ဆူဂျီယိုနိုက ပြောကြားထားသည်။
“မြန်မာနိုင်ငံအတွက် အဆင်ပြေတဲ့ အခြေအနေ ဖန်တီးမှုနဲ့ တွေ့ဆုံဆွေးနွေးရေး အတွက် ဘေးကင်းလုံခြုံတဲ့ နေရာတစ်ခု ဖန်တီးပေးဖို့ အင်ဒိုနီးရှားက အမြဲတမ်း ကတိပြုပါတယ်။” ဟု ၎င်းကဆိုသည်။
ထို့နောက်လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး မှောင်ခိုမှုနှင့် ဆက်စပ်နေသည့် အွန်လိုင်းလိမ်လည်မှုများ အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ မြင့်တက်လာခြင်းအပေါ် စိုးရိမ်မှုများ မြင့် တက်လာကြောင်းလည်းအဖွဲ့ဝင်နိုင်ငံများကယမန်နေ့တွင်ပြောကြားသည်။
ထို့ပြင်မြန်မာနိုင်ငံ၏ ရေရှည်အကျပ်အတည်းကို ဖြေရှင်းရန် မူဘောင်တစ်ခုအဖြစ် ဘုံသဘောတူညီချက်(၅)ရပ်ကို ထောက်ခံကြောင်းအာဆီယံနိုင်ငံခြားဝန်ကြီးများက ထပ်လောင်းအတည်ပြုခဲ့သည်။
သတင်း-လင်းခေတ်
ကိုးကား- Antara

image