ပူတင် ရာထူးကနေ ထုတ်ပယ်လိုက်တဲ့ ရုရှားပို့ဆောင်ရေးဝန်ကြီး ကိုယ့်ကိုကိုယ် သတ်သေ

ရုရှား ပို့ဆောင်ရေးဝန်ကြီးဟောင်း ရိုမန်စတာရိုဘော့ဟာ ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားတယ်လို့ စုံးစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
သူ့ကို ရုရှားသမ္မတ ပူတင်က တနင်္လာနေ့ အစောပိုင်းမှာ ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။ သူ့ကို ရာထူးထုတ်ပယ်ရတဲ့ အကြောင်းရင်းကို ထုတ်ပြန်ခြင်းမရှိပါဘူး။ ပို့ဆောင်ရေးလက်ထောက်ဝန်ကြီးက သူ့နေရာကို မကြာခင် ဆက်ခံမယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ပွားတဲ့အခြေအနေတွေကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ စတာရိုဘော့ကို ၂၀၂၄ ခုနှစ် မေလမှာ ပို့ဆောင်ရေးဝန်ကြီးအဖြစ် ရာထူးခန့်အပ်ခဲ့ပါတယ်။ ဒီမတိုင်ခင်မှာတော့ သူဟာ ကာ့စ်ဒေသ အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၂၄ ခုနှစ်မေလထိ ခြောက်နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ယခင် ကာ့စ်ဒေသအုပ်ချုပ်ရေးမှူးဟာ ရာထူးတာဝန်ခဏသာ ထမ်းဆောင်ခဲ့ရပြီး ဧပြီလမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ သူဟာ ယူကရိန်းနယ်စပ်မှာ ခံတပ်တွေဆောက်လုပ်ရေးအတွက် ရန်ပုံငွေတွေ အလွဲသုံးစားပြုတယ်လို့ စွပ်စွဲခံထားရပါတယ်။
ရုရှားသတင်းဌာနတွေရဲ့အဆိုအရ သူဟာလည်း အလားတူ စွပ်စွဲချက်မျိုးနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ဆိုပါတယ်။ သူဟာ မော်စကို ဆင်ခြေဖုံးရှိ သူ့ရဲ့ ကိုယ်ပိုင်ကားထဲမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လမှာတော့ ယူကရိန်းတပ်တွေဟာ ရုရှားအနောက်ပိုင်း ကာ့စ်ဒေသကို အံ့အားသင့်ဖွယ် ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် နယ်မြေအစိတ်အပိုင်းတချို့ကို သိမ်းယူခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရုရှားတပ်တွေက နယ်မြေပြန်လည်းသိမ်းပိုက်မှုတွေရှိခဲ့ပြီး ယူကရိန်းတပ်တွေ နယ်မြေအနည်းငယ်ကိုသာ ထိန်းချုပ်နို်ငတော့တယ်လို့ ရုရှားက ပြောပါတယ်။

image