တက္ကဆက်ရေဘေး သေဆုံးသူ ၁၀၀ ကျော်လာပြီး ပျောက်ဆုံးသူတွေကို ဆက်လက်ရှာဖွေ

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ရုတ်တရက်ရေကြီးမှုအတွင်း သေဆုံးသူ ၁၀၀ ကျော်ရှိလာပြီး ပျောက်ဆုံးသူတွေကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေပါတယ်။
ဇူလိုင် ၄ ရက်က ဖြစ်ပွားခဲ့တဲ့ သဘာ၀ဘေးအတွင်း မြစ်ကမ်းဘေးရှိ ခရစ်ယာန်နွေရာသီစခန်းတခုမှာ ရှိနေတဲ့ မိန်းကလေး ၂၇ ယောက်နဲ့ စခန်းတာဝန်ရှိသူတွေလည်း သေဆုံးခဲ့ကာ ၁၁ ယောက်ပျောက်နေပါတယ်။ ပျောက်ဆုံးနေသူတွေကို ရှာဖွေရေးအတွက် ရဟတ်ယာဉ်၊ စက်လှေ၊ အနံ့ခံခွေးတွေအပါအဝင် ကယ်ဆယ်ရေးလုပ်သား ၁၇၅၀ ယောက် ဖြန့်ကြက်ချထားပါတယ်။
ရေကြီးရေလျှံမှုဟာ ဂွါဒါလူပီမြစ် ဖြတ်သန်းစီးဆင်းနေတဲ့ ကားကောင်တီမှာ အပြင်းအထန်ထိခိုက်ခဲ့ပြီး ကလေးငယ် ၂၈ ယောက်အပါအဝင် လူ ၈၄ ယောက်သေဆုံးခဲ့ကာ ရေဘေးနဲ့ဆက်နွယ်ပြီး သေဆုံးမှု ၁၀၄ ယောက်ရှိပြီလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
နောက်ထပ် မိုးသည်းထန်စွာ ရွာသွန်းနို်ငခြေတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အတားအဆီးရှိနေပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့က ပြောပါတယ်။
သမ္မတ ဒေါ်နယ်ထရန့့် ရာသီဥတုဆိုင်ရာ ရန်ပုံငွေတွေကို ဖြတ်တောက်မှုကြောင့် သတိပေးစနစ်တွေ အားနည်းသွားတယ်ဆိုတဲ့ ဝေဖန်ချက်တွေကိုတော့ အိမ်ဖြူတော်က ပယ်ချထားပြီး သမ္မတဟာ သောကြာနေ့မှာ တက္ကဆက်ကို သွားမယ်လို့ ဆိုပါတယ်။

image