အမေရိကန်နဲ့ ကုန်သွယ်ရေးကိစ္စ နစက ညှိနှိုင်းမယ်
အမေရိကန်သမ္မတထရန့်က မြန်မာအပေါ်ကုန်သွယ်ခွန် ၄ဝ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသွားမယ်လို့ အခုဇူလိုင်လ ၇ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ပြီးနောက် အမေရိကန်နဲ့ ကုန်သွယ်ရေး ညှိနှိုင်းသွားမယ်လို့ နစက ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အခုလာမယ့် ဩဂုတ် ၁ ရက်နေ့ကစပြီး မြန်မာအပါအ၀င် နိုင်ငံတော်တော်များများကို အမေရိကန်အစိုးရက အခွန်တိုးကောက်ခံတော့မှာဖြစ်သလို မြန်မာက ၄၀%၊ အိမ်နီချင်း ထိုင်းက ၃၆ % ဖြစ်ပါတယ်။
"Trade Volume ကြီးတဲ့ ထိုင်းလိုနိုင်ငံတွေမှာတော့ လုပ်ငန်းတွေရပ်တာ အလုပ်သမားတွေ လူလျှော့တာဖြစ်လာနိုင်ပါတယ်။အရင်က တည်းက Sanction ပေါင်းများစွာနဲ့ ဒုက္ခတောမှာ မျောနေပြီး လမ်းပျောက်နေတဲ့ မြန်မာတွေအတွက် ဒါကသိပ်ပြီးတော့ မထူးပါဘူး"လို့ မြန်မာသတင်းစာဆရာတယောက်က သူရဲ့ အမြင်ကို သုံးသပ်ပြောပြပါတယ်။
ဒီလိုအမေရိကန်နိုင်ငံက မြန်မာကို ကုန်သွယ်ခွန်တိုးမြှင့်ကောက်ခံမယ့်အကြောင်းသတိ ပေးစာပေးပို့ခဲ့မှုအပေါ် နစက အစိုးရအနေနဲ့
အမေရိကန်နဲ့ အပြုသဘောဆောင်တဲ့ဆွေး နွေးညှိနှိုင်းမှုတွေကိုပြုလုပ်သွားမယ်လို့ နစကရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာတွေကို အခုဇူလိုင် ၈ ရက်နေ့မှာ ထုတ်ပြန်ပြောကြားထားပါတယ်။
"အမေရိကန်သမ္မတပေးပို့တဲ့ စာထဲမှာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးပြုလုပ်လိုတဲ့ အကြောင်း၊ကုန်သွယ်ရေးလိုငွေတွေရှိနေတဲ့ အကြောင်း၊အကျဉ်းချုပ်ကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ သွင်းကုန်တွေအပေါ်မှာ အခွန် ၄ဝ ရာခိုင်နှုန်းစည်းကြပ်သွားမှာဖြစ်ကြောင်း အမေရိကန်က တင်သွင်းတဲ့ သွင်းကုန်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဖြေလျှော့ပေးဖို့ ပြောကြားထားတာကိုတွေ့ရပါတယ်။အခွန်နှုန်းထားနဲ့ ပတ်သက်ပြီး ညှိနှိုင်းနိုင်တဲ့ အကြောင်းလည်းပြောကြားထားပါတယ်"လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အမေရိကန်သမ္မတပေးပို့တဲ့ စာတွင်
ပြန်လည်အသုံးပြုတဲ့စနစ်အရ ၂၀၂၅ ခုနှစ်၊ဩဂုတ်လ ၁ ရက်နေ့မှစလို့ မြန်မာ့ကုန်ပစ္စည်းတွေနဲ့ ထုတ်ကုန်အားလုံးကို အမေရိကန်ပြည် ထောင်စုသို့ တင်ပို့ပါက သီးခြားအခွန်နှုန်း ထားမြင့်မားစွာပေးဆောင်ရမှာဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။
"ထရန့်စာမှာက ဩဂုတ် ၁ ရက်မှာ အခွန် ၄၀ တိုးကောက်မယ်။ဒါကို မြန်မာဘက်က ဘယ် လောက် လက်တုံ့ပြန်ပြန် အဲဒီတိုင်းကို ၄၀ ပေါ်မှာပါ ထပ်ပြီးကောက်မယ်ဆိုတဲ့ သဘော ခြိမ်းခြောက်ထားတာပါ။သံတမန်ရေးသတိ ပေးစာပါ"လို့ လေ့လာသုံးသပ်သူ တယောက်က VOM ကို ပြောပါတယ်။
အခုကန်သမ္မတထရန့် လက်ထက်မှာ အိမ်ဖြူတော်ရဲ့မူဝါဒတွေဟာပြောင်းလဲသွားခဲ့ပြီလားလို့လည်းမေးခွန်းထုတ်စရာဖြစ်တယ်လို့လေ့ လာသုံးသပ်သူတယောက်က ဆိုပါတယ်။
"အဓိကပြောချင်တာက မစ္စတာထရန့်လက်ထက်မှာအိမ်ဖြူတော်ရဲ့မူဝါဒပြောင်းလဲသွားပြီလား။ဒါကယတိပြတ်ပြောလို့တော့မရသေးပါဘူး။ဆက်လက်စောင့်ကြည့်ရဦးမှာပါ"လို့ လေ့လာသုံးသပ်သူတယောက်က သူရဲ့အမြင်ကို ထပ်လောင်းပြောပြပါတယ်။
ဒါအပြင် ထရန့်သမ္မတ မဖြစ်ခင်ကလည်းကမ္ဘာ့အခင်းအကျင်းသစ်ကို သူ့လက်ထက်မှာပြောင်းလဲမယ်လို့မကြာခဏပြောခဲ့ဘူးတယ်လို့လည်းသူက ဆက်ပြီး ပြောပြခဲ့ပါတယ်။
သို့သော်လည်း ကန်သမ္မတထရမ့်ရဲ့ကုန်သွယ်ခွန်နဲ့ ပတ်သက်ပြီး မြန်မာကိုပေးပို့တဲ့ စာတွင်ထူးခြားချက်တခုက ကန်သမ္မတက Burma အစား Myanmar လို့ပြောင်းခေါ်လာတာ တွေ့ရပါပြီးခေါ်ဝေါ်သုံးစွဲတဲ့ ရာထူးအသုံးအနှုန်းလေးတွေကလည်း စိတ်၀င်စားဖို့ကောင်းတယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
AFP သတင်းဌာနကတော့ အမေရိကန်သမ္မတဒေါ်နယ်ထရန့် က ယခုကုန်သွယ်ရေးသဘောတူညီချက်အသစ်အတွက် ဂျပန်၊ တောင်ကိုရီးယား၊မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မြန်မာအစရှိတဲ့ နိုင်ငံတွေနဲ့ အခြား
နိုင်ငံတွေအပေါ် အကြောင်းကြားစာတွေကို ပေးပို့ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ထရန့်ထုတ်ပြန်ခဲ့တဲ့ အခွန်နှုန်းထားများတွင် မြန်မာနဲ့ လာအိုမှ ပို့ကုန်တွေအတွက် ၄၀ ရာ ခိုင်နှုန်း၊ တောင်အာဖရိကမှ ပို့ကုန်တွေအ တွက် ၃၀ ရာခိုင်နှုန်းနဲ့ မလေးရှားမှ ပို့ကုန်တွေအတွက် ၂၅ ရာခိုင်နှုန်းအထိ အသီးသီး အခွန်စည်းကြပ်ခံရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနဲ့ အခြားနိုင်ငံတွေအတွက်လည်း အကောက်ခွန်နှုန်းထားအသစ်များကို ဖော်ပြထားတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက "မြန်မာအစိုးရအနေနဲ့ အပြုသဘောဆောင်တဲ့ ညှိနှိုင်းမှု၊ပြန်ကြားမှုတွေကို ဆောင်ရွက်သွားမယ်"လို့ ထပ်လောင်း ပြောကြားထားပါတယ်။
နစကအစိုးရ ထုတ်ပြန်ချက်အရ မြန်မာနဲ့ အမေရိကန်နိုင်ငံ ကုန်သွယ်မှုပမာဏက ၂ဝ၂၃ - ၂ဝ၂၄ ခုနှစ်ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှု ပမာဏအမေရိကန်ဒေါ်လာ ၇ဝ၁ ဒသမ ၉ သန်းအထိရှိခဲ့သလို ၂ဝ၂၄ - ၂ဝ၂၅ ခုနှစ်ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှု ပမာဏက အမေရိကန်ဒေါ်လာ ၅၈၈ ဒသမ ၃ သန်းကျော်အထိရှိခဲ့တယ်လို့လည်း သိရှိရပါတယ်။
အမေရိကန်ပြည်ထောင်စုက ကုန်သွယ်ခွန်တိုးမြှင့်ခဲ့ခြင်းနဲ့ ပတ်သက်လို့ ယခုအချိန်အထိ နိုင်ငံပေါင်း ၁၄ နိုင်ငံသို့ တရားဝင်အကြောင်း ကြား စာများပေးပို့ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
"ဩဂုတ် ၁ ရက်နေ့ကစပြီး မြန်မာ
အပါအ၀င် နိုင်ငံတော်တော်များများကို အမေရိကန် အစိုးရက အခွန်တိုးကောက်တော့မယ်။ အလုပ်သမား အများကြီးနဲ့ လည်ပတ်နေတဲ့
အထည်ချုပ် နဲ့ရေထွတ်ကုန်တွေ အတော်အသင့်လေး ထိခိုက်တာတွေ ရှိလာနိုင်ပါတယ်"လို့ လေ့လာသုံးသပ်သူတယောက်က သူရဲ့ အမြင်ကိုထပ်လောင်းပြောပြခဲ့ပါတယ်။
