စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတဟောင်း ဒုတိယအကြိမ် ဖမ်းဆီးထိန်းသိမ်းခံရ
ဆိုးလ်၊ ဇူလိုင်-၁၀-၂၀၂၅
ရတီ(VOM)
တောင်ကိုရီးယားမှာ ဒီဇင်ဘာအတွင်းက စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးလ်ကို အာဏာပိုင်တွေက ဒီကနေမှာ ပြန်လည်ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ယွန်းဆွတ်ခ်ယိုးလ်ဟာ ပုန်ကန်မှုစွဲချက်တွေနဲ့ ဇန်နဝါရီလမှာ စွဲချက်တင်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ပေမယ့် မတ်လမှ ပြန်လည်လွတ်မြောက်ခဲ့ကာ သူ့ကို ရာဇဝတ်ဆိုင်ရာ တရားရုံးက ဆက်လက်စစ်ဆေးနေတာဖြစ်ပါတယ်။
ဇွန်လမှာ အတိုက်အခံခေါင်းဆောင် လီဂျေးမြောင် သမ္မတဖြစ်လာပြီးနောက် အထူးအကြံပေးအဖွဲ့ခန့်အပ်ကာ အစိုးရနဲ့ အခြားသီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးလ်က တော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
သူဟာ စစ်အုပ်ချုပ်ရေးအမိန့်ကို အဆင်ပြေပြေသုံးနိုင်ဖို့အတွက် ပြည်ပတိုက်ခိုက်မှုကို လှုံ့ဆော်မှုအဖြစ် မြောက်ကိုရီးယားဘက်ကို ဒရုန်းတွေစေလွှတ်ဖို့ စစ်တပ်ကို အောက်တိုဘာလမှာ အမိန့်ပေးခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နေ့က တရားရုံးရဲ့ ခုနှစ်နာရီကြာ ကြားနာမှုမှာ အဓိက စွဲချက်ငါးခုနဲ့အတူ ဖမ်း၀ရမ်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။ သက်သေအထောက်အထားတွေကို ဖျောက်ပျက်ပစ်မှာ စိုးရိမ်တဲ့အတွက် ဖမ်း၀ရမ်းထုတ်ခဲ့တာလို့ ဆိုးလ်ဗဟိုတရားရုံးက ပြောပါတယ်။
သူဟာ စစ်အုပ်ချုပ်ရေး မကြေညာခင် အစိုးရအဖွဲ့တာဝန်ရှိသူအချို့ကို အသိပေးတာမျိုးမရှိကြောင်းနဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်မှုတွေလည်း စွဲချက်တွေမှာပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာလည်း သူ့ကို ဖမ်းဆီးစဉ် သမ္မတလုံခြုံရေးအဖွဲ့နဲ့ အချိန်ကြာမြင့်စွာ ထိပ်တိုက်ရင်ဆိုင်မှုများပြီးနေက် ဖမ်းဆီးနိုင်ခဲ့ပါတယ်။
သူဟာ ပြစ်မှုထင်ရှားမယ်ဆိုရင် ထောင်ဒဏ် တသက်တကျွန်း သို့မဟုတ် သေဒဏ်ကျခံရနိုင်ပါတယ်။ ယွန်းဆွတ်ခ်ယိုးလ်အပေါ် စွပ်စွဲပြစ်တင်မှုနဲ့အတူ ပြုတ်ကျခဲ့ပြီးနောက် ဇွန်လကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံ လီဂျေးမြောင် သမ္မတဖြစ်လာပါတယ်။
Ref:BBC
Photo:Reuters

image