စိန်ပန်းနီနီလည်းပွင့်နေပြီ
ကျောင်းတော်ကြီးလည်းဖွင့်တော့မယ်
ကျွန်တော်တို့မရောက်ဖြစ်တော့မှာကလွဲရင်
အရာရာဟာပုံမှန်လည်ပတ်ဆဲပဲ
ကျောင်းအစောရောက်တဲ့သူက
ခုံကြိုဦးပေးထားကြေးဆိုတဲ့
ရာဇသံလည်းမကြားရတော့ဘူး
မင်းဘာဟင်းပါလဲဆိုပြီး
ပထမဆုံးအတန်းချိန်မှာကတည်းက
လုစားတတ်တဲ့ကောင်လည်း
သူ့ထမင်းချိုင့်နဲ့အတူ
အလုပ်သွားနေပြီပေါ့
စာရေးပျင်းတဲ့ကျွန်တော်လည်း
ရုံးစာရေးကြီးဖြစ်နေပြီ
ဖားဆိုအသေကြောက်တဲ့
မိအေးကတော့
ဆရာဝန်မကြီးဖြစ်နေလေရဲ့
ငယ်ငယ်က ကဗျာရူးစာရူး
နှလုံးသားသိပ်နူးညံ့တဲ့
ဖိုးလုံးကတော့ စစ်သေနတ်ကြီးနဲ့
အမြဲစနောက်နေတတ်တဲ့ကောင်က
အုတ်ဂူဖြူထဲမှာ မိုးအေး''နဲ့ အိပ်ကောင်းတုန်း
ဒီကျောင်းတော်ထဲ
ပြန်ရောက်ခဲ့မယ်ဆိုရင်တောင်
လူစုံပါအုံးမလား
တစ်နေ့တော့ ပြန်ဆုံချင်သေးတယ်
- နွယ်ရိုင်းပင်