ထိုင်းကပြန်ပို့မည့်ရှေးဟောင်းပစ္စည်းများစရိတ်ကိုကမ္ဘောဒီးယားကျခံမည်
ထိုင်းနိုင်ငံက ပြန်လည်ပို့ပေးမည့် ရှေးဟောင်းပစ္စည်း အခု ၂၀ အတွက် သယ်ယူပို့ဆောင်စရိတ်ကို ကမ္ဘောဒီးယားနိုင်ငံက ကျခံသွားလိုကြောင်း ကမ္ဘောဒီးယားယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီး Phoeurng Sackona က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားသည် ရှေးဟောင်ပစ္စည်းများ သယ်ပို့ခကို ကျခံမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးက ထိုင်းယဉ်ကျေးမှုဝန်ကြီးအသစ်ဖြစ်သော ပေတုံတန် ရှင်နာဝပ်ထရာထံ ပေးပို့သော စာတွင် ပြောကြားထားသည်။ ထိုကိစ္စအတွက် ထိုင်းအစိုးရ၏ အစီအစဉ်ကို စောင့်ဆိုင်းစရာမလိုအပ်ကြောင်းကို တနင်္လာနေ့တွင် ထုတ်ဝေသည့် Agent Kampuchea Press မှ အချက်အလက်များကို ကိုးကား၍ ခမာတိုင်းမ်စ်က ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် ဝန်ကြီးချုပ်ရာထူးတာဝန်မှ ဆိုင်းငံ့ခံလိုက်ရသော မစ္စပေတုံတန်သည် ဘတ်ဂျက်အကန့်အသတ်ရှိမှုအရ ရှေးဟောင်းပစ္စည်းများကို ပြန်လည်ပေးပို့ခြင်းကို ရပ်ဆိုင်းထားရန် သောကြာနေ့တွင် ဆုံးဖြတ်ခဲ့သည်။
အိမ်နီးချင်းနှစ်နိုင်ငံဆက်ဆံရေးတင်းမာနေစဉ် သူ ယဉ်ကျေးမှုဝန်ကြီးတာဝန်ယူခဲ့ပြီးနောက် ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်သည်။
“ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရ နောက်ထပ် ပြန်လည်သုံးသပ်သွားဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနက အကြံပြုထားပါတယ်” ဟု သူက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသို့ ရှေးဟောင်းပစ္စည်းများ လွှဲပြောင်းပေးအပ်ရန် ပြီးခဲ့သည့်နှစ်တွင် နှစ်နိုင်ငံက သဘောတူညီထားေသာ အချက်ကို ထိုင်းနိုင်ငံက လိုက်နာစေလိုသည်ဟု ကမ္ဘောဒီးယားဝန်ကြီးက ပြောကြားလိုက်သည်။
နှစ်နိုင်ငံသည် ရှေးဟောင်းပစ္စည်း အခု ၂၀ ကို လွှဲပြောင်းခြင်း အခမ်းအနားကို ယခုလအတွင်း ပြုလုပ်ရန်နှင့် သြဂုတ်လတွင် ပစ္စည်းများ ကိုသယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ် ကို စတင်ရန် စီစဉ်ထားခဲ့သည်။ သို့ရာတွင် ယခုအခါ ၄င်းအစီအစဉ်ကို အချိန်အကန့်အသတ်မရှိ ဆိုင်းငံ့ထားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်