16 w - Translate

*****ဝင်္ဂဘော်ဆင်စခန်းမိသားစုမှဝမ်းနည်းစွာဖြင့် အသိပေးတင်ပြခြင်း
#သားလေးကျော်ပုလဲ........
၂၆.၈.၂၀၂၄ရက်နေ့မှာ ဆင်မေမေ ပုလဲစန္ဒာက ဆင်မလေး ပုလဲဆင့်နှင့် ဆင်ထီးလေး ကျော်ပုလဲတို့ အမွှာမောင်နှမကို ဝင်္ဂဘော်ဆင်ထိန်းသိမ်းစောင်ရှောက်ရေး စခန်းတွင်မွေးဖွားခဲ့ပါတယ်။
ဆင်ကလေး အမွှာမောင်နှမအား အသက် ၈ လကျော်တဲ့အထိ ဆင်စခန်းရှိ တာဝန်ရှိသူများက စောင့်ရှောက်ပေးခဲ့ရာ ကျန်းမာရေးကောင်းမွန်ပျော်ရွှင်ခဲ့ကြပါတယ်။ လာရောက်လေ့လာတဲ့ ပြည်သူများကလည်း အချစ်ပိုခဲ့ကြပါတယ်။
ကျော်ပုလဲတို့မောင်နှမကို ဦးစည်သူနှင့်‌ ဒေါ်မေဘုန်းထက်တို့ကလည်း လိုအပ်တာ ထောက်ပံ့ပေးဖို့ မွေးစား ကူညီခဲ့ကြပါတယ်။
#ကံဆိုးရှာတဲ့ကျော်ပုလဲလေး
၃.၅.၂၀၂၅ရက် နေ့ည…သန်းခေါင်ယံကျော်မှာ ဆင်ကလေးအော်သံ၊ ခွေးဟောင်သံတွေကြားလို့ ဆင်စခန်းမှ အနီးကပ်ပြုစုစောင့်ရှောက်ပေးနေသော ဆင်ဆရာဝန်၊ဆင်ထိန်းနှင့် ဆင်စခန်းရှိ အခြားဆင်ထိန်းများမှ ဆင်လေးအား အပြေးအလွှားသွားကြည့်ခဲ့ကြပါတယ်။ ခွေးများရုတ်တရက်ဟောင်တဲ့အတွက် မေမေဆင်မကြီးဟာ အိပ်နေရင်း ကလေးတွေကို ကာကွယ်လိုစိတ်ဖြင့် ရုတ်တရက် နောက်ခြေအားယူ ထလိုက်ရာ မေမေ့နားအိပ်ပျော်နေတဲ့ ကျော်ပုလဲလေးရဲ ကျောနှင့် တင်ပါးဆုံပိုင်း ကို မေမေ့ရဲခြေထောက်နဲ့ ပြင်းပြင်းထန်ထန် ထိခိုက်မိခဲ့ပါတယ်။ စဖြစ်ကာစ အနည်းငယ်သာရောင်ရမ်း ပြီး နောက်ရက်အနည်းငယ်အတွင်း ကျော်ပုလဲလေး နောက်ပိုင်း မလှုပ်နိုင်ဘဲ ဒုက္ခိတ ဖြစ်ရရှာပါတော့တယ်။
မြန်မာ့သစ်လုပ်ငန်းမှ ရုံးချုပ်ဆင်ဆရာဝန်‌ တွေ၊ တိုင်းနှင့်ဒေသအဆင့် ဆင်ဆရာဝန်တွေဟာလည်း ဓါတ်မှန်ရိုက် စစ်ဆေးခြင်းများဆောင်ရွက်ခြင်း၊ သွေး၊ သွေးရည်ကြည်နဲ့ ကျင်ကြီးတို့ စစ်ဆေးအဖြေရှာ ခဲ့ပါတယ်။ ကျော်ပုလဲလေး အနာသက်သာဖို့ ဆေးမျိုးစုံ နည်းမျိုးစုံနဲ့ ၂လနှင့်၃ရက်ကြာ နေ့ညမပြတ် ကုသပေးခဲ့ပါတယ်။
ကျော်ပုလဲ လေးဟာလည်း မိခင်နို့အပြင် အဟာရမပြတ်ရန်အတွက် နို့မှုန့်ဖြည့်စွက်စာများ တိုက်ကျွေးပေးခဲ့မှုကို ကောင်းကောင်းလက်ခံခဲ့ရပါတယ်။
…..
#ဝမ်းနည်းစွာဖြင့်တင်ပြခြင်း
တာဝန်ရှိသူများအနေဖြင့် အထူးဂရုစိုက်နေရင်းပင်…အများပြည်သူတို့ စိုးရိမ်နေခဲ့ သလိုဘဲ ၆.၇ .၂၀၂၅ရက်နေ့ နံနက်၅နာရီ(၃၀)မိနစ်အချိန်မှာ ကျော်ပုလဲလေး သေဆုံးသွားပါတယ်။ သူ့ရဲ့ အသက်မဲ့ခန္ဓာကိုယ်လေးအား ခွဲစိတ်စစ်ဆေးခဲ့ရာမှာလည်း ကျောရိုး၊ မြီးခုံရိုးဆစ်များ လွဲဟနေပြီး ကျောရိုးမကြီး၏ နာဗ်ကြောကိုဖိမိထားသဖြင့် နောက်ပိုင်းသေခဲ့ရကြောင်း တွေ့ရှိရပါတယ်
#ခွဲစိတ်ကုသဖို့စဉ်းစားခဲ့ပါတယ်
ကျော်ပုလဲလေးဟာ စဖြစ်ချိန်မှာအသက်အားဖြင့် ၈ လကျော် နုနယ်တဲ့အရွယ်ပါ။ နောက်ပိုင်းသေပြီး ဒရွတ်သွားနေရလို့ အခြားဒဏ်ရာတွေလည်း များစွာရှိနေပြီး full of stress ဖြစ်နေပါတယ်။ မေ့ဆေးဒဏ်၊ ခွဲတဲ့ဒဏ်ကို ဒီအရွယ် ဒီအနာနဲ့ မဖြစ်နိုင်လို့ မဆောင်ရွက်ခဲ့ကြတာပါ။ကျန်းမာရေးပြန်လည်ကောင်းမွန်စေရေး နိုင်ငံတကာက ပညာရှင်များနဲ့တိုင်ပင်သော်လည်း မည်သို့မျှ အဆင်မပြေနိုင်ကြောင်း သိရှိခဲ့ရသဖြင့် အနာသက်သာရေးကိုသာ ဦးစားပေးကုသခဲ့ကြရတာပါ။

ကျော်ပုလဲလေးကိုချစ်ကြခင်ကြ မြတ်နိုးကြတဲ့ဆင်ချစ်သူအပေါင်းကိုလည်း တာဝန်ရှိသူများအနေဖြင့် အတတ်နိုင်ဆုံး ကြိုးစားကုသစောင့်ရှောက်ပေးတဲ့ကြားက ဆုံးရှုံးခဲ့မှုအတွက်ဝမ်းနည်းစွာတောင်းပန်အပ်ပါသည်။

#ဆင်လေးကျော်ပုလဲအားသဂြိုဟ်ခြင်း
ဆင်လေးကျော်ပုလဲအား ယနေ့နံနက်ပိုင်းတွင် ကောင်းမွန်စွာ ‌ မြေမြှုပ်
သဂြိုလ်ပြီးစီးပြီဖြစ်ပါသည်။
ကျော်ပုလဲလေးကို ဆင်စခန်းအတွင်း အမှတ်တရ အုတ်ဂူလေးတည်ဆောက်ပြီး ထားရှိဖို့လည်း စီစဉ်ထားရှိပါတယ်။
#ဆင်အမွှာလေးကျော်ပုလဲအတွက်ကုသိုလ်
ကျော်ပုလဲလေးအားရည်စူး၍ ဝင်္ဂဘော်ရွာဦး‌ကျောင်း၌ လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါတယ်။
၁၂.၇.၂၀၂၅ရက်နေ့မှာလည်း ကျော်ပုလဲလေးအား ရည်စူး၍ ဆင်စခန်း၌ ရက်လည်ဆွမ်းကပ်ကုသိုလ်ဆောင်ရွက်ပေးဖို့ စီစဉ်ထားရှိပါသည်။

ဆင်ချစ်သူ မိဘပြည်သူညီကိုမောင်နှမအပေါင်းကို ဝမ်းနည်းစွာဖြင့် ကျော်ပုလဲလေးရဲ နောက်ဆုံးအခြေအနေကို တင်ပြလိုက်ရပါတယ်🙏🙏🙏🙏🙏
ဆင်ကလေးအားချစ်ခင်၍ လှူဒါန်းပေးခဲ့ကြသော ဆင်ကလေးအားချစ်ခင်သူ ဧည့်သည်တော်များကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

image