ဥယျာဥ်မှူးနှင့် ပန်းကလေးကလျာ
ချစ်လှစွာသော ကလျာလို့
အစပျိုးချင်ပေမဲ့ ကျနော့်မှာ
ပြောခွင့်မရှိသေးပါဘူးကလျာ...။
ပိုင်ရှင်ရှိတဲ့ ပန်းကလေးကလျာ
ကျနော့်နှလုံးသားထဲထည့်မိထားတဲ့
အမျိုးသမီးလေးရေ...
ကျွန်တော် အဝေးကနေပဲ
မျှော်ငေးနိုင်ပါတယ် ကလျာ...။
ကလျာ ခင်ဗျားကလေ
ပန်းဥယျာဥ်ထဲက နှင်းဆီနီနီလေးပါ
အရမ်းကိုလဲ နှစ်သက်ဖို့ကောင်းလှပါတယ်
အော်... အဲ့လိုကောင်းဖို့လဲ ဥယျာဥ်မှူးက
အထူးဂရုစိုက်ပြီး ပျိုးထားတာကိုး
ကျွန်တော်မဟုတ်တဲ့ ဥယျာဥ်မှူးပေါ့...။
ကလျာ ခင်ဗျားရဲ့ လှပမှုဟာ
နေဝင်ဆည်းဆာချိန်မှာ ပေါ်ပေါက်လာတဲ့
ရောင်ခြည်နီကလေးပါကွယ်...။
အရမ်းကိုလှပပါတယ် ဒါပေမဲ့
မပိုင်ဆိုင်နိုင်ပါ...။
ကလျာကို ပိုင်ဆိုင်ဖို့
စောင့်နေတာ ခုဆိုရင်
လပေါင်းများစွာ ကြာခဲ့ပါပြီ...။
ကျွန်တော့်ရဲ့ စိတ်ဆန္ဒအရလား
သဘာဝတရားကြီးက ဖောက်ပြန်နေတာလားတော့
ကျွန်တော်မသိပါ...။
ဒီလတွေရဲ့ ညကောင်းကင်ယံမှာ
အကုန်လုံး အမှောင်အတိဖုံးနေပါတယ်။
ကျွန်တော် စောင့်နေပါတယ် ကလျာ
ပိုင်ဆိုင်ခွင့်ရဖို့ မဟုတ်ပါဘူး...
ချစ်တယ်လို့ ပြောခွင့်ရဖို့ပါ...။