အရာရာနဲ့အကြောင်းကြောင်းပုံပြင်
တစ်ခါတုန်းက ရွာတစ်ရွာမှာ ဘာလုပ်လုပ် အဆင် မပြေတဲ့ တာပေါင်းဆိုတဲ့ လူငယ်လေးတစ်ယောက် ရှိ တယ်။ မိဘနှစ်ပါးက သူတို့ရဲ့သားဟာ ဘာလုပ်လုပ် ပြဿနာ တစ်ခုမဟုတ် တစ်ခု တက်တာမို့ ဘာမှမခိုင်းရဲ ကြဘူး။ တာပေါင်းကိုယ်တိုင်ကလည်း သူလုပ်ရင် ပြဿနာ တက်တာမို့ စိတ်ညစ်နေရှာတယ်။
“အင်း… ငါကတော့ အလုပ်ကို သေသေချာချာလုပ် တာပဲ။ ဒါပေမဲ့ ပြဿနာက တစ်ခုမဟုတ်တစ်ခု တက်တတ် တော့ ခက်တာပဲ”
သူရဲ့မိဘနှစ်ပါးကလည်းသူတို့ရဲ့သား တာပေါင်းကို ဘာမှမခိုင်းရင် ဘာမှမလုပ်တတ်ဘဲ သူတို့ သေဆုံးသွား တဲ့အခါ ဘာမှမလုပ်စားတတ်ဘဲ ဒုက္ခရောက်သွားမှာကို စိုးရိမ်နေကြတယ်။ အဲဒါကြောင့် ဖခင်ဖြစ်သူက-
“ဟဲ့… ငါ့သား တာပေါင်း၊ အိမ်မှာ ထင်းတွေ ကုန်နေ တယ်။ တောထဲမှာ ထင်းသွားခုတ်ပါလား"
“ထင်းသွားခုတ်တာက ဟုတ်ပါတယ်။ ကျုပ်တို့အိမ် မှာ ဓားကောင်းကောင်းမှ မရှိတာ”
“အေး... အဲဒါလည်း ဟုတ်တာပဲ။ ဒါဆိုရင် ရွာထဲက ဖိုးကြွက်ဆီက ဓားငှားသွားကွာ”
“ဟုတ်ကဲ့ အဖေ”
တာပေါင်းဟာ ဖိုးကြွက်ထံက ဓားငှားပြီး တောထဲမှာ ထင်းသွားခုတ်တယ်။ လူတစ်နိုင်စာ ထင်းစည်းရတဲ့အခါ တာပေါင်းက ထင်းစည်းကို ထမ်းပြီး ရွာကို ပြန်လာပါတယ်။
“ဟ... ဒီလိုဆိုတော့လည်း ငါ့သားက ဘယ်ဆိုးလို့တုန်း၊ ဩော်... ဒါနဲ့ ရွာထဲက ဖိုးကြွက်ရဲ့ဓားကို ငှားသွား တာ မဟုတ်လား။ ဓားကို ပြန်အပ်ခဲ့ပြီလား”
သူ့အဖေက မေးတော့မှ တာပေါင်းက သတိရသွား တယ်။
“ဟာ.. ဟုတ်ပါရဲ့။ တောထဲက ထင်းခုတ်တဲ့နေရာ မှာ ဓားကျန်ခဲ့ပြီ”
“တာပေါင်းရယ်။ မင်းကတော့ ပြဿနာရှာပြန်ပြီ”
“မနက်ဖြန်လည်း တောထဲကို ထင်းခုတ်သွားဦးမှာ ပဲ။ တွေ့မှာပါ အဖေ”
နောက်တစ်နေ့ တာပေါင်းဟာ တောထဲကို ထင်းခုတ် ဖို့ လာတဲ့အခါ“ဟာ ဒုက္ခပါပဲ။ ငါ့ကို ရွာက လူတွေက ပြဿနာ ကောင်လို့ ခေါ်တာလည်း ခေါ်ချင်စရာပဲ။ အရာရာနဲ့ အကြောင်းကြောင်း ဖြစ်တာက များလှပြီ”တာပေါင်းက ရွာကို စိတ်ပျက်စွာ ပြန်လာခဲ့တယ်။
“မနေ့က တောထဲမှာ မေ့ကျန်ခဲ့တဲ့ဓားကို ရှာမတွေ့ တော့ဘူး”
“ဖိုးကြွက်ကို ဓားဖိုးလျော်ရတော့မှာပဲ”
အဲ့ဒါနဲ့ တာပေါင်းရဲ့ အဖေက စပါးတစ်တင်းကို အိတ် နဲ့ထည့်ယူလာပြီး-
“ကဲ… တာပေါင်း၊ ကို သေသေချာချာ ပြော ပြီး တောင်းပန်လိုက်။ ပြီးတော့ ပျောက်သွားတဲ့ ဓားဖိုးကို စပါးလျော်ပါရစေ၊ ကျေနပ်ပါလို့ပြော”
တာပေါင်းက စပါးအိတ်ကို ထမ်းပြီး ဖိုးကြွက်ရဲ့
အိမ်ကို လာခဲ့တယ်။
“ဟင်...တာပေါင်း၊ မင်း ငှားထားတဲ့ဓားကို ပြန်လာ ပေးလား”
ဖိုးကြွက်က သူ့အိမ်ကို ဝါးလှေကားပေါ်တက်ပြီး ရေနံချေးသုတ်နေရာက လှမ်းမေးတယ်။
“တစ်ရွာတည်း သားတွေပဲ၊ ဘာတွေပေးဖို့ယူလာ ရတာလဲ”
“တောထဲမှာ မေ့ကျန်ခဲ့တဲ့ ခင်ဗျားရဲ့ဓား ပျောက် သွားလို့”
“ဟာ...တာပေါင်း၊ အဲဒီဓားကငါ့အဘိုးက ငါ့ကိုအမွေ ပေးထားခဲ့တာကွ။ တာပေါင်း မင်းကတော့ကွာ”
“အဖေက ခင်ဗျားကို တောင်းပန်ခိုင်းပြီး ဓားလျော် ကြေး စပါးတစ်တင်းပေးခိုင်းလိုက်တယ်”
“ဟင်း... ပျောက်သွားမှတော့ ဘယ်တတ်နိုင်ပါ့မ လဲ။ စပါးအိတ်ကို တင်းကုပ်ထဲက ကွပ်ပျစ်ပေါ်မှာသာ တင်ထားခဲ့ကွာ”
တာပေါင်းက ရေနံချေးသုတ်နေတဲ့ လှေကားနား - က ဖြတ်အလာ ခလုတ်တိုက်မိတဲ့အတွက် လှေကားကို လက်နှစ်ဖက်နဲ့ ဆွဲလိုက်မိတယ်။
“အား… အောင်မယ်လေးဗျာ”
လှေကားကို အောက်က ဆွဲလှန်သလို ဖြစ်သွားပြီး ရေနံချေးသုတ်နေတဲ့ ဖိုးကြွက်ဟာ လှေကားပေါ်က ခြေပစ်လက်ပစ်ပြုတ်ကျသွားတယ်။ အဲဒီအချိန်မှာ သူတို့ နဲ့ မလှမ်းမကမ်းမှာ ကြက်သားပေါက်တွေကို အတောင် နဲ့ အုပ်ဝပ်နေတဲ့ကြက်သားအုပ်မကြီးပေါ်ကို ဖိုးကြွက်က ကျသွားတယ်။
“အောင်မယ်လေးဗျ”
ဖိုးကြွက်က လက်ကျိုးသွားပြီး ကြက်မကြီးနဲ့ ကြက်သားပေါက်ငါးကောင်က သေသွားတယ်။ ဖိုးကြွက် ရဲ့ ခြံထဲကို ဝင်လာတဲ့ ရွာသားတက်ပုရဲ့ အပေါ်ကို လှေ ကားက ကျသွားတာကြောင့် ခေါင်းကွဲသွားတယ်။
“တာပေါင်းပြဿနာကောင်၊အား…ကျွတ်ကျွတ်… နာလိုက်တာဗျာ။ မင်းကြောင့် ဓားပျောက်၊ လက်ကျိုး၊ ကြက်သေ၊ ခေါင်းကွဲဖြစ်ရပြီ။ မင်းကို ရွာလူကြီးဆီပို့ပြီး ဆုံးမခိုင်းရမယ်။ တောက်”
ဖိုးကြွက်ရဲ့စကားကြောင့် တာပေါင်းဟာ ကြောက် လန့်ပြီးခြေဦးတည့်ရာကိုထွက်ပြေးသွားပါတော့တယ်။
#ရွှေသွေးဂျာနယ်
#ပုံပြင်များ
