တစ်လုတ်စားဖူး သူ့ကျေးဇူး အထူးသိတတ်ပါပုံပြင်
တစ်ခါတုန်းက သာယာတဲ့ တောနက်ကြီး တစ်ခု အတွင်းမှာ အလွန်ကြီးမားတဲ့ သစ်ပင်ကြီး တစ်ပင်ရှိပါ တယ်။ အဲဒီသစ်ပင်ကြီးပေါ်မှာ ကျီးကန်းလေးတစ်ကောင် နေထိုင်ပါတယ်။ အဲဒီကျီးကန်းလေးက အခြားကျီးကန်း တွေနဲ့ မတူဘဲ စိတ်ကောင်းရှိပါတယ်။
တစ်နေ့တော့ ကျီးကန်းလေးဟာအစာရှာထွက်လာ ရင်း တောတွင်းတစ်နေရာမှာ မကျန်းမမာလို့ ပိန်လှီသေး ကွေးနေတဲ့ မြေခွေးတစ်ကောင်ကို တွေ့သွားလေတယ်။ မြေခွေးဟာ အစာမစားထားတဲ့အတွက် လမ်းလည်း ကောင်းကောင်း မလျှောက်နိုင်ဘူး။ ကျီးကန်းလေးက မြေခွေးကိုကြည့်ပြီး သနားသွားတာမို့ မြေခွေးရဲ့ အနားမှာ နားလိုက်တယ်။
“အဆွေ မြေခွေး၊ သင့်ကို မြင်ရတာ စိတ်မကောင်း ဘူး။ သင် မကျန်းမမာဖြစ်နေတာလား”
“ဟုတ်ပါတယ်၊ ကျွန်ုပ် ဘာမှ မစားမသောက်ရလို့ အားအင်ချည့်နဲ့ နေတာပါ”
“ဒီအတွက် ဘာမှစိတ်မပူပါနဲ့။ ကျွန်ုပ် အစာရှာပြီး သင့်ကို ကျွေးပါ့မယ်”
ဆိုပြီးကျီးကန်းလေးကအစာသွားရှာတယ်။ ကျီးကန်း ကသဲသောင်ပြင်ပေါ်မှာငါးလေးတစ်ကောင်သေနေတာကို တွေ့တော့ ကိုက်ချီလာပြီး မြေခွေးကို ချကျွေးတယ်။
“အဆွေ မြေခွေး၊ အစာ စားကောင်းရဲ့လား”
“ရက်ပေါင်းများစွာ အစာမစားရတော့ သင် ရှာကျွေး တဲ့ ငါးက အစာတောင် မပြေပါဘူး”
အဲဒီအခါ ကျီးကန်းလေးက အစာလိုက်ရှာရင်း သေနေတဲ့ ကြွက်ကြီးတစ်ကောင်ကို မနိုင်မနင်းချီလာပြီး မြေခွေးကို ချကျွေးလေတယ်။ မြေခွေးက ကျီးကန်းလေး ရှာဖွေကျွေးတဲ့ အသေကောင်တွေကို စားပြီး အားအင် အနည်းငယ်ပြည့်ဝလာတယ်။ကျီးကန်းလေးကနေ့တိုင်း ဆိုသလိုမြေခွေးကိုအစာတွေရှာဖွေကျွေးတယ်။ အဲဒီလိုနဲ့ ကျီးကန်းလေးရှာဖွေကျွေးတဲ့ အစာတွေကိုစားပြီး အားအင် ပြည့်ဝလာတဲ့ မြေခွေးဟာ သူရဲ့ မူလယုတ်မာတဲ့ စိတ်က ပေါ်လာတယ်။
“နေ့တိုင်း အသေကောင်တွေချည်းပဲ စားနေရတာ။ အခုနေများ ကျီးကန်းသား လတ်လတ်ဆတ်ဆတ်ကို စားလိုက်ရရင် အားအင်တွေ ပိုပြည့်ဝလာမှာ အမှန်ပဲ”လို့ မရိုးသားတဲ့ စိတ်တွေ ပေါ်လာပြီး...
“မိတ်ဆွေကျီး၊မနေ့က သင် ရှာကျွေးတဲ့ ငါးကို စား ပြီး လည်ချောင်းထဲမှာ ငါးရိုးစူးနေလို့ သင်ရဲ့ နှုတ်သီးနဲ့ ဖယ်ရှားပေးပါလား”
လို့မာယာဆင်ပြီးပြောလေတယ်။ကျီးကန်းလေးက တကယ်ထင်မှတ်ပြီးမြေခွေးအနားကိုတိုးကပ်ကာပါးစပ် ကိုဟခိုင်းတယ်။လည်ချောင်းထဲမှာ ဘာမှ ရှာမတွေ့တော့ ကျီးကန်းလေးက မြေခွေးရဲ့ မရိုးသားတဲ့အကြံအစည်ကိုရိပ်စားမိသွားတယ်။ အဲဒီအချိန်မှာ အကြံသမားမြေခွေး က ကျီးကန်းလေးရဲ့ လည်ပင်းကိုလှမ်းကိုက်လိုက်တယ်။ မြေခွေးရဲ့ လှုပ်ရှားမှုကို သိသွားတဲ့ ကျီးကန်းလေးက ဖျတ်ခနဲရှောင်ပြီး ထပျံလိုက်တယ်။
“ဟဲ့ မြေခွေး၊ သင်ဟာ ဒီတစ်သက် ဘယ်တော့မှ အစာဝတော့မှာ မဟုတ်ဘူး။ ကျေးဇူးမသိတတ်ဘဲ ကျေးဇူးရှင်ကို ပြစ်မှားတဲ့သူပဲ။ သင် ဒုက္ခရောက်နေလည်း သနားစရာ မလိုတော့ဘူး”
လို့ ကျီးကန်းလေးက ပြောပြီး ပျံသန်းလာရင်း တောတွင်းတစ်နေရာရောက်တော့ လဲနေတဲ့ လူ တစ်ယောက်ကို တွေ့သွားတယ်။ တောထဲမှာမျက်စိလည် လမ်းမှားရင်း အစာမစားရလို့ လဲနေမှန်းသိလိုက်တယ်။ ကျီးကန်းလေးက လူသားကို ကြည့်ပြီး သနားမိသွား တယ်။ သူ့ကို အန္တရာယ်မပြုနိုင်ဘူးလို့လည်း ယုံကြည် မိလို့လူသားရဲ့ ပခုံးပေါ်မှာ နားလိုက်ပါတယ်။ လူသားက လူးလွန့်ကာ ထထိုင်လိုက်တယ်။ အဲဒီနောက်ကျီးကန်းက သစ်သီးတွေ ရှာဖွေပြီး လူသားကို ကျွေးတဲ့အခါ ပြန်ပြီး အားအင်ပြည့်ဝလာတယ်။ တစ်နေ့တော့ ကျီးကန်း လေးက အစာရှာရင်း တောထဲမှာ ဓားတွေ၊ လှံတွေနဲ့ လူ အုပ်စုကိုတွေ့တော့ တစာစာအော်ရင်း လူသားရှိရာကို မျှားခေါ်လာတယ်။ လူသားနဲ့ လူအုပ်စုတို့ တွေ့ဆုံသွား လေတယ်။
“ဒီကျီးကန်းလေးက မင်းသားကို အစာရှာကျွေး နေတာပဲ။ယဉ်ပါးတယ်။ မင်းသားလေးရဲ့ ကျေးဇူးရှင်ပဲ”
လို့ လူအုပ်စုကပြောလေတယ်။ ကျီးကန်းလေးက မင်းသားလေးရဲ့ ပခုံးပေါ်မှာ နားလိုက်တဲ့အခါ မင်းသား လေးက ကျီးကန်းလေးကို သူ့ရင်ဘတ်ထဲမှာ ပွေ့ချီ ထားလိုက်ပါတယ်။ ကျီးကန်းလေးဟာ မင်းသားလေး တို့နဲ့အတူရွှေနန်းတော်ကြီးဆီကို လိုက်ပါသွားလေတယ်။ မင်းသားလေးကကျီးကန်းလေးကိုသူ့ရဲ့ ကျေးဇူးရှင်အဖြစ် အသိအမှတ်ပြုကာ ဥယျာဉ်တော်ထဲမှာထားပြီး အစား အစာတွေ ကျွေးမွေးစောင့်ရှောက်ထားပါတော့တယ်။ ကျေးဇူးကန်းတဲ့ မြေခွေးကတော့ အစာမစားရလို့ အားအင်ကုန်ခန်းကာ သေသွားရှာပါတော့တယ်။
#ရွှေသွေးဂျာနယ်