သူတောင်းစားတစ်ယောက်ဟာ
စျေးတစ်ခုရဲ့ရှေ့မှာ ထိုင်ပြီးတောင်းနေတယ်။
သူက သူအနားက ဖြတ်သွားတဲ့
စျေးသွား စျေးလာတိုင်းကို
" သနားကြပါ ခင်ဗျာ ၊ သနားကြပါ ၊
အစ်ကိုကြီးတို့ အစ်မကြီးတို့ ပေးမှ ကမ်းမှ
စားရတဲ့ ဘဝပါ "
ဆိုပြီး ညောင်နာနာအသံနဲ့
တောင်းရမ်း နေပါသတဲ့။
ဒီအချိန်မှာ စျေးကိုလာတဲ့
သူဌေးကြီး တစ်ယောက်က
သူတောင်းစားကို မြင်သွားတယ်။
ခြေကောင်း လက်ကောင်းနဲ့
သန်သန်မာမာ ဖြစ်ပါလျက်
တောင်းစားနေတဲ့ သူတောင်းစားကို
ပညာပေး ဆုံးမဦးမှပါလို့ တွေးလိုက်ပြီး
သူတောင်းစား ရှိတဲ့ဆီကို သွားတယ်။
ပြီးတဲ့အခါ သူတောင်းစားကို ပြောတယ်။
" မင်းမှာ ခြေတွေ လက်တွေလည်း
ကောင်းပါလျက်
လူကလည်း အရွယ်ကောင်း ဖြစ်ပြီး
သန်သန်မာမာ ရှိပါလျက်
တောင်းစားနေတာ မရှက်ဘူးလားကွ "
သူဌေးကြီးက ဒီလိုမေးတဲ့အခါ
သူတောင်းစားက ပြန်ဖြေတယ်။
" မရှက်ပါဘူးခင်ဗျာ ၊
သူတောင်းစား လုပ်ကတည်းက
ရှက်ကြောဖြတ်ပြီး မျက်နှာပြောင်ပြောင်
တောင်းနေတာမို့ ထူးပြီး ရှက်မနေတော့ပါဘူး "
လို့ ပြန်ဖြေပါသတဲ့။
သူဌေးကြီးကလည်း မလျော့သေးပါဘူး။
" မရှက်တတ်တာတော့ ဟုတ်ပါပြီ "
" ဒါပေမဲ့ ယောကျ်ားဆိုတာ
မာနတော့ ရှိသင့်တာပေါ့ကွ ၊
ဟိုမှာ ကြည့်လိုက်စမ်း " ဟု ဆိုကာ
ခပ်လှမ်းလှမ်းမှာရှိတဲ့ ပုရွက်ဆိတ်အုံတစ်ခုကို
လက်ညှိုးထိုးကာ ပြလိုက်သည်။
" မင်းတွေ့လား ၊ တိရိစ္ဆာန်ဖြစ်တဲ့
ပုရွက်ဆိတ်တွေ တောင် သူတို့စားဖို့
သူတို့ဘာသာ ရှာဖွေနိုင်ကြတယ်ကွ "
" သူတို့ကို မြင်တော့ သန်မာတဲ့
ယောကျ်ားကြီးတစ်ယောက်ဖြစ်ပြီး
ကိုယ်တိုင် ရှာဖွေမစားပဲ တောင်းစားနေတာ
မင်းရဲ့ ယောကျ်ားမာနကို မထိခိုက်ဘူးလား "
" ယောကျ်ားဆိုတာ မာနရှိရတယ်ကွ ၊
အကောင်သေးသေး ပုရွတ်ဆိတ်တောင်
သူ့အစာ သူကိုယ်တိုင် ရှာစားနိုင်သေးရင်
မင်းက ဘာလို့တောင်းစားနေတာလဲ "
" မင်း ယောကျ်ား မဟုတ်ဘူးလား ၊
မာနဆိုတာ မရှိတော့ဘူးလား "
လို့ သူဌေးကြီးက သူတောင်းစားရဲ့
ရင်ကို ထိစေမဲ့ စကားလုံးတွေ
တောက်လျောက် လွှတ်တော့
သူတောင်းစား မျက်ရည်ဝဲသွားသည်။
" ဟုတ်တယ် ခင်ဗျား ပြောတာမှန်တယ် ၊
ဒီပုရွက်ဆိတ်တွေက ကျနော့်ရဲ့မာနကို
ထိခိုက်စေတယ် "
" သူတို့ကို မြင်တိုင်း တောင်းစားနေမိတာကို
သိမ်ငယ်လာတယ် "
" ဒီတော့ နောက်နေ့ကစ
ကျနော် ပြောင်းလဲတော့မယ် ၊
ကျနော် ပြောင်းလဲတော့မယ် "
သူတောင်းစားရဲ့ စကားကိုကြားတော့
သူဌေးကြီး ဝမ်းသာသွားသည်။
" ကောင်းတယ်ကွာ ၊ မင်းအခုလို
အသိတရား ရသွားတာ ငါဝမ်းသာတယ် "
" အလုပ်တွေ ဘာတွေ လိုရင် ငါ့ကိုပြော
ငါ့မှာ စက်ရုံတွေ အများကြီးပဲ ၊
မင်းကို ငါကူညီနိုင်တယ် "
လို့ပြောလိုက်ပြီး လိပ်စာကဒ်တစ်ခုကို
ပေးကာ ထွက်လာခဲ့တော့သည်။
သူဌေးကြီးရဲ့ ရင်ထဲမှာတော့
ပီတိတွေ ဖြာလို့ပေါ့။
ဒါပေမဲ့ သူတောင်းစားက သူဌေးကြီးကို
ဆက်သွယ် မလာခဲ့ပါဘူး။
ရက်တော်တော် ကြာတဲ့အထိ
ဆက်သွယ် မလာတဲ့အခါ
သူဌေးကြီး နေမထိ ထိုင်မသာ ဖြစ်လာတယ်။
ဒါနဲ့ သူဌေးကြီးဟာ သူတောင်းစားရှိရာ
စျေးဆီကို သွားပြီး ရှာတယ်။
ဒါပေမဲ့ သူနဲ့ သူတောင်းစား ဆုံခဲ့ရာ
နေရာမှာ သူတောင်းစားကို မတွေ့ရတော့။
သူဌေးကြီး ဒီလိုတွေးလိုက်မိတယ်။
သူတောင်းစားဟာ သူ့ဆီကတောင်
အကူအညီ မတောင်းခဲ့ပဲ
သူ့ဘဝ သူကျောင်းနေပြီလို့
တွေးမိကာ ပိုပြီး ကျေနပ်နေမိတာပေါ့။
သူဌေးကြီးဟာ ကျေနပ်ပီတိစိတ် အပြည့်နဲ့
ပြန်အလာ စျေးကနေ ထွက်လိုက်ယုံပဲ
ရှိသေးချိန်မှာ
" သနားကြပါ ခင်ဗျာ ၊ အစ်ကိုကြီး
အစ်မကြီးတို့ ပေးမှ ကမ်းမှ စားရမဲ့ဘဝပါ "
ဆိုတဲ့ သူတောင်းစားရဲ့ ညောင်နာနာ
အသံကို ကြားလိုက်ရလေတော့၏။
သူဌေးကြီးလည်း အသံလာရာ
ကြည့်လိုက်တဲ့ အခါ သူနဲ့တွေ့ခဲ့တဲ့
သူတောင်းစားမှ သူတောင်းစားအစစ်။
ဒါနဲ့သူဌေးကြီးလည် စိတ်တိုသွားပြီး
သူတောင်းစားဆီကို သွားတယ်။
သူတောင်းစားကလည်း သူဌေးကြီးကို
မှတ်မိနေဟန် ပြုံးပြပါတယ်။
" မင်းပြောတော့ ပုရွက်ဆိတ်တွေက
မင်းရဲ့ မာနကို ထိခိုက်စေခဲ့လို့
ပြောင်းလဲ တော့မယ် ဆိုကွ "
" အခုကျတော့ တောင်းစားမြဲ တောင်းစား
နေတုန်းပါလား "
ဒီအခါ သူတောင်းစားက သူဌေးကြီးကို
ဒီလို ပြန်ဖြေခဲ့တယ်။
" ဟုတ်တယ်လေ ၊
ပုရွက်ဆိတ်တွေ မြင်တိုင်း
ကျုပ်မာနကို ထိပါးနေလို့
မမြင်ရတဲ့ နေရာကို
ကျုပ်ပြောင်းလဲ လိုက်ပြီလေ "
" အခု နေရာက ပုရွက်ဆိတ်တွေလည်း
မမြင်ရတော့ဘူး ၊ ပုရွက်ဆိတ်တွေ
မမြင်ရတော့ ကျုပ်မာနလည်း
ထိခိုက်စရာ မရှိတော့ဘူး မဟုတ်လား "
ဆိုပြီး ပြန်ဖြေလိုက်ပါတော့တယ်။
သူဌေးကြီးလည်း " ကောင်းကွာ " ဟုသာ
ရေရွတ်လိုက်မိလေတော့၏။
**** သင်ခန်းစာ ****
ကိုယ်တိုင် ပြောင်းလဲလိုစိတ် မရှိသူတို့အား
ပြောင်းလဲပေးရန် မကြိုးစားပါနှင့် ။