#ပြည်တွင်းသတင်း
◼အိုမန်နိုင်ငံ၌ မြန်မာအမျိုးသမီးအချင်းချင်း လူသတ်မှုဖြစ်၊ သံသယရှိသူတစ်ဦးကိုဖမ်းဆီးမိထားဟုဆို
အိုမန်နိုင်ငံ၊ ဆိုဟာမြို့၌ မြန်မာအမျိုးသမီးတစ်ဦးဓားဖြင့်ထိုးသတ်ခံရမှု ယမန်နေ့(ဇူလိုင် ၆ ရက်) တွင်ဖြစ်ပွားခဲ့ပြီး သံသယရှိသူမြန်မာအမျိုးသမီးတစ်ဦးကို ဖမ်းဆီးမိထားကြောင်း အိုမန်ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
သေဆုံးသူမြန်မာအမျိုးသမီးမှာ ဧရာဝတီတိုင်း၊ မြန်အောင်မြို့ဇာတိဖြစ်ပြီး အသက်(၂၃) နှစ်အရွယ်ရှိ မယုနန္ဒာဖြစ်ကြောင်း၊ ၎င်းသည်အိုမန်နိုင်ငံဆိုဟာမြို့တွင် မြန်မာအလုပ်သမားအကျိုးဆောင် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူဖြစ်ကြောင်းသိရသည်။
ဖမ်းဆီးမိထားသည့်သံသယရှိသူအမျိုးသမီးမှာ ရန်ကုန်တိုင်းသန်လျင်မြို့နေ အသက်(၄၃) နှစ်အရွယ်ရှိ အမျိုးသမီးဖြစ်ပြီး အိုမန်နိုင်ငံသို့ရောက်ရှိသည်မှာ ရက်ပိုင်းသာရှိသေးကြောင်းသိရသည်။
အဆိုပါလူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာအလုပ်သမားအကျိုးဆောင်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူနှင့် အိမ်အကူလုပ်ကိုင်သူအလုပ်သမားကြား ပုဂ္ဂိုလ်ရေးမကြေလည်မှုများကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း အလုပ်သမားရေးကူညီနေသူများက သုံးသပ်ပြောဆိုသည်။
လက်ရှိတွင်ဖမ်းဆီးမိထားသည့် မြန်မာနိုင်ငံသားအမျိုးသမီးနှင့်ပတ်သက်ပြီး တရားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အိုမန်ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ယင်းနိုင်ငံအခြေစိုက် the arabian stories သတင်းဌာနသို့ပြောဆိုထားသည်။
အိုမန်နိုင်ငံရောက်မြန်မာနိုင်ငံသားများကလည်း သတ်ဖြတ်မှုဖြစ်စဉ်နှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို အိုမန်ရဲတပ်ဖွဲ့ကထုတ်ပြန်ခြင်းမရှိသေးသကဲ့သို့ သတ်ဖြတ်မှုဖြစ်ပွားသည့်အကြောင်းရင်းကိုလည်း ရှင်းလင်းစွာမသိရသေးကြောင်း လူမှုကွန်ရက်တွင်ပြောဆိုထားကြသည်။
သတင်း - ပိုင်လေး
