တရုတ်နိုင်ငံကတော့ အနာဂတ်အတွက် ခြေလှမ်းသစ်တစ်ခုကို စတင်လိုက်ပါပြီ။ လာမယ့် ဆောင်းဦးရာသီ ပညာသင်နှစ်ကစပြီး ပေကျင်းမြို့ရဲ့ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေအားလုံးမှာ Artificial Intelligence (AI) ဘာသာရပ်ကို သင်ရိုးညွှန်းတမ်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မဖြစ်မနေ ထည့်သွင်းသင်ကြားတော့မှာ ဖြစ်ပါတယ်။ ကျောင်းတိုင်းဟာ တစ်နှစ်ကို အနည်းဆုံး ၈ နာရီကြာ AI ပညာရေးကို သင်ကြားပေးရမှာဖြစ်ပြီး ဒါကို သီးသန့်ဘာသာရပ်အဖြစ်ဖြစ်စေ၊ သတင်းအချက်အလက်နည်းပညာ (IT) လို ဘာသာရပ်တွေနဲ့ ပေါင်းစပ်ပြီးဖြစ်စေ သင်ကြားသွားမှာပါ။
ဒီအစီအစဉ်မှာ ကျောင်းသားတွေရဲ့ အသက်အရွယ်နဲ့ နားလည်နိုင်စွမ်းအပေါ်မူတည်ပြီး သင်ကြားမှုပုံစံတွေကိုလည်း အဆင့်ဆင့်ခွဲခြားထားပါတယ်။ ဥပမာ မူလတန်းအဆင့်မှာဆိုရင် AI ရဲ့ အခြေခံသဘောတရားတွေကို အသံနဲ့ခွဲခြားတာမျိုးလို လက်တွေ့အတွေ့အကြုံတွေကနေတစ်ဆင့် ရင်းနှီးစေမှာဖြစ်ပြီး အလယ်တန်းအဆင့်မှာတော့ AI ရဲ့ လုပ်ဆောင်ပုံ Logic ကို ပိုနားလည်ပြီး လက်တွေ့အသုံးချနိုင်ဖို့ အဓိကထားမှာပါ။ အထက်တန်းရောက်ရင်တော့ AI algorithm model တွေကို ကိုယ်တိုင်ရေးဆွဲဖန်တီးနိုင်တဲ့အထိ အလေးပေးသင်ကြားသွားမှာ ဖြစ်ပါတယ်။
ဒီလိုကြီးမားတဲ့ ပညာရေးအပြောင်းအလဲကို အောင်မြင်ဖို့အတွက် ပေကျင်းမြို့က ဆရာ၊ ဆရာမတွေကို AI ဆိုင်ရာသင်တန်းတွေပေးတာ၊ တက္ကသိုလ်တွေနဲ့ နည်းပညာကုမ္ပဏီကြီးတွေရဲ့ AI lab တွေကို ကျောင်းသားတွေ လေ့လာခွင့်ရအောင် ဖွင့်လှစ်ပေးတာမျိုးတွေလည်း လုပ်ဆောင်သွားမှာပါ။ ဒီအစီအစဉ်ရဲ့ အဓိကရည်မှန်းချက်ကတော့ အနာဂတ်အတွက် အရည်အချင်းရှိတဲ့ လူငယ်မျိုးဆက်သစ်တွေ မွေးထုတ်ရင်း တရုတ်နိုင်ငံကို ကမ္ဘာ့ AI နယ်ပယ်မှာ ဦးဆောင်သူတစ်ဦး ဖြစ်လာစေဖို့ပဲ ဖြစ်ပါတယ်။
