16 ပတ် - ဘာသာပြန်ပါ။

တရားပွဲတွေမှာ အလှူခံဖလားတွေချထားတယ်။
တရားလာနာတဲ့ လူတစ်ယောက်ဟာ ဒါကိုမြင်ပြီး သူမလှူနိုင်တဲ့အခါ စိတ်ထဲ စနိုးစနှောင့် ဖြစ်သွားတယ်ဆိုရင် ဒါဟာ မကောင်းတော့ဘူး။
ပိုက်ဆံပေးပြီးမှ တရားနာရတယ်ဆိုရင် ဘုန်းကြီးတို့က တရားကို ရောင်းနေသလိုဖြစ်နေမယ်။
ရောင်းရအောင်ကလည်းကိုယ့်တရားမဟုတ်ဘူး ဘုရားတရား တော်တွေ။
တချို့နေရာတွေ လမ်းကိုပိတ်ပြီးတော့တောင် အလှူခံတာတွေ့ရတယ်။
သဒ္ဓါရှိတဲ့သူက လာလှူတာမျိုး မဟုတ်ဘဲ ကြိုနေစောင့်နေ ပြောဆို အလှူခံနေရင် ဒါတောင်းနေတာနဲ့ အတူတူဘဲ။
ဒါကိုလက်ခံရင်ဘုန်းကြီးတို့သူတောင်းစားဖြစ်သွားမယ်။
ဒါကြောင့်ဘုန်းကြီးတို့ တရားပွဲတွေမှာ စာအုပ်တို့ အခွေတို့ အရောင်းမခံဘူး။
ဘုန်းကြီးကရောင်းတယ် ရောင်းခိုင်းတယ် ထင်မှာ သိပ်စိုးရိမ်တယ်။
လူတစ်ချို့လုပ်တာပြောပြမယ်။
ဘုန်းကြီး တလောက စင်္ကာပူက အဘိဓမ္မာ သင်တန်းပို့ချဖို့ ပင့်လို့ သွားတယ်။
ဒါကို အလှူခံကြတယ်။
ဘုန်းကြီးကျန်းမာရေး မကောင်းလို့ ဆေးကုဖို့လို့ ပြောပြီး အလှူခံတာ။
သိပ်ဝမ်းနည်းစရာ ကောင်းတယ်။
ဒါယကာ တယောက်က လျှောက်ပြန်တယ် ဘုန်းကြီးကျောင်းဆောက်ဖို့လိုရင် အလှူခံ ဖြတ်ပိုင်းရိုက်ပေးပါ အလှူခံပေးပါ့မယ်တဲ့။
တော်တော်မကောင်းတဲ့ ကိစ္စတွေဘဲ။
ဘုန်းကြီး ငယ်ငယ်တုန်းကတောင် ရဟန်းဒါယကာတွေက လိုတာမှာပါ ပြောလွန်းလို့ နှစ်ခါလောက်ပဲ တောင်းဖူးတယ်။
ဘုန်းကြီးတို့ ဆရာသမား မထေရ်ကြီးတစ်ပါးက သူ့ဒါယကာတွေက ဘာလိုလဲဘုရား မေးတော့ သဒ္ဓါရှိသလောက်ထည့်လှူ ဘာလိုလဲ နောက်မမေးနဲ့လို့ ပြောတာတွေ့ဘူးပါတယ်။
ဘုရားညွှန်ကြားတဲ့ တရားဟောရမဲ့ ဒေသနာစဉ်မှာ ဒါန သီလ နေက္ခမ္မ နတ်ပြည် အကြောင်းတွေ စသဖြင့် ပါပြီးသား တမင်ကြီး အလှူပေးချင်အောင် ပြောနေစရာ မလိုဘူး။
သဒ္ဓါရှိတဲ့သူက လိုက်ရှာတောင် လှူတယ်။
တရားကို ဟောကြားတဲ့နေရာမှာလည်း ဘုန်းကြီးတို့က ဘုရားညွှန်ကြားချက်အတိုင်း (လာဘ်လာဘ မျှော်တာမျိုးမဟုတ်ဘဲ)
၁။ ဒေသနာ အစဉ်အတိုင်းဟောတယ်။
၂။ အကြောင်းပြ ခိုင်လုံတဲ့တရားဘဲဟောတယ်။
၃။ တရားနာသူတွေအပေါ် မေတ္တာနဲ့ဟောတယ်။
၄။ မသိသေးကြတာ သိကြပါစေဆိုတဲ့စေတနာနဲ့ဟောတယ်။
၅။ ကိုယ့်ဂုဏ်ကိုမြှောက်ပြီး သူများကိုနှိမ်တဲ့တရားမျိုးမဟောဘူး။
ဘုရားက တပည့်သံဃာများကို ဒီလို တရားတွေ ဟောဖို့တိုက်တွန်းတာဘဲ။ ဒါပေမယ့် ဒီအချက်တွေမပြည့်စုံဘဲ ဟောနေတဲ့ အရှင်ဥဒါယီကို(အရှင်သာရိပုတ္တရာ က တွေ့ပြီး လာတိုင်လို့) မြတ်စွာဘုရား တားမြစ်ရှုံ့ချဘူးတယ်။
ဒေါက်တာ
နန်ဒမာလာဘိဝံသ

image