16 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ဝင်္ဂဘော်ဆင်စခန်းမှ ရှစ်လသားအရွယ်ဆင်တစ်ကောင် သေဆုံး
ပဲခူးတိုင်း၊ ဘုရားကြီးမြို့ ဝင်္ဂဘော်ဆင်ထိန်းသိမ်းရေးစခန်းရှိ ရှစ်လသားအရွယ် ကျော်ပုလဲအမည်ရှိဆင်မှာ ခါးရိုးဆစ်၊ နောက်မြီးရိုးဒဏ်ရာများဖြင့် ယမန်နေ့ (ဇူလိုင် ၆ ရက်) နံနက် ၅ နာရီခွဲက သေဆုံးသွားကြောင်း အဆိုပါဆင်စခန်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်မေလ ၃ ရက်၊ ညသန်းခေါင်ယံတွင် ခွေးများရုတ်တရက်ဟောင်သည့် အတွက် မိခင်ဆင်မကြီးမှာဆင်ပေါက်ကလေးများအားကာကွယ်လိုစိတ်ဖြင့် ရုတ်တရက်နောက်ခြေအားယူထလိုက်ရာ မိခင်နားအိပ်ပျော်နေသည့် ကျော်ပုလဲ၏ကျောနှင့်တင်ပါးဆုံပိုင်းကို မိခင်၏ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန် ထိခိုက်မိခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားပြီးရက်အနည်းငယ်အတွင်း ကျော်ပုလဲမှာခန္ဓာကိုယ်နောက်ပိုင်း လှုပ်ရှားနိုင်ခြင်းမရှိတော့ဘဲ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကျော်ပုလဲသေဆုံးပြီးနောက် ခန္ဓာကိုယ်အားခွဲစိတ်စစ်ဆေးရာတွင် ကျောရိုးနှင့် မြီးခုံရိုးအဆစ်များ လွဲဟနေပြီး ကျောရိုးမကြီး၏နာ့ဗ်ကြောကို ဖိမိထားသည့်အတွက် ခန္ဓာကိုယ်နောက်ပိုင်းသေသွားခြင်းဖြစ်သည်ဟု ဝင်္ဂဘော်ဆင်ထိန်းသိမ်းရေးစခန်းကထုတ်ပြန်သည်။
ဆင်လေးကျော်ပုလဲကို‌ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပြီး ဆင်စခန်းအတွင်းအမှတ်တရအုတ်ဂူတည်ဆောက်ကာ ဇူလိုင် ၁၂ ရက်တွင် ရက်လည်ဆွမ်းကပ်၍ ကောင်းမှုကုသိုလ်များဆောင်ရွက်ပေးရန် စီစဉ်ထားကြောင်း သိရသည်။
အသက်(၂၂) နှစ်အရွယ်ရှိ မိခင်ဆင်မကြီးပုလဲစန္ဒာသည် ကျော်ပုလဲနှင့် ပုလဲဆင့်ဆိုသည့် အမြွှာဆင်နှစ်ကောင်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၆ ရက်တွင် ဝင်္ဂဘော်ဆင်စခန်း၌ မွေးဖွားခဲ့သည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - ဝင်္ဂဘော်ဆင်စခန်း

image