#ပြည်တွင်းသတင်း
◼တရုတ်ဇနီးမယားအဖြစ်ရောင်းစားရန်စီစဉ်သူနှင့် လုပ်အားခေါင်းပုံဖြတ်သူကို အလုပ်နှင့်ထောင်ဒဏ်ချမှတ်
မြန်မာအမျိုးသမီးများအား တရုတ်ဇနီးမယားအဖြစ်ရောင်းစားရန်စီစဉ်သူများနှင့် လုပ်အားခေါင်းပုံဖြတ် သူကို အလုပ်နှင့်ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်နေထိုင်သူ အသက်(၂၅) နှစ်အရွယ်ရှိအမျိုးသမီးတစ်ဦးအားတစ်ရပ်ကွက်တည်းနေသူ ခါကြီးနှင့် စန်းစန်းနွဲ့ (ခ) အန်းအန်း(ခ)မအေးတို့မှ တရုတ်ယောက်ျားယူပါက ငွေကျပ်သိန်း ၆ဝ ခန့်ရမည်ဖြစ်ကာ ကလေးတစ်ဦးမွေးပေးပြီးပြန်လာရမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း၊ ယင်းနောက် မြစ်ကြီးနားမှတစ်ဆင့် တရုတ်နိုင်ငံသို့ပို့ဆောင်ကာ တရုတ်အမျိုးသားထံ ရောင်းစားရန်စီစဉ်ဆောင်ရွက်ခဲ့ကြောင်းယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မြစ်ကြီးနားနယ်မြေရဲစခန်း၌ (ပ) ၂၇/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် တရားစွဲတင်ခဲ့ပြီးဇွန် ၃၀ ရက်တွင် မြစ်ကြီးနားခရိုင်တရားရုံးက စန်းစန်းနွဲ့အား လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ်အမိန့်ချမှတ်ခဲ့ပြီး ခါကြီးဆိုသူကို လည်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပဲခူးမြို့ရှိစားသောက်ဆိုင်တစ်ဆိုင်တွင် စားပွဲထိုးအလုပ်လုပ်ကိုင်နေသည့် အသက်(၁၇) နှစ် အရွယ်ရှိ မိန်းကလေးတစ်ဦးကိုလည်း ထွေးထွေး(ခ) ချင်းချင်း (ခ) တရုတ်မမှ တရုတ်အမျိုးသားတစ်ဦးနှင့်တစ်ပတ်၊ ၁၀ ရက်ခန့်လင်မယားအဖြစ်ပေါင်းသင်းနေထိုင်ပေးပါက ငွေကျပ်သိန်း ၅၀ ခန့်ရရှိမည် ဖြစ်ကြောင်း၊ အဆိုပါ တရုတ်အမျိုးသား ရန်ကုန်မြို့သို့ရောက်ရှိလာသည့်အချိန်မှသာ လင်မယားအဖြစ် ပေါင်းသင်းနေထိုင် ပေးရမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။
အသက်ပြည့်လျှင် တရားဝင်ငွေကျပ်သိန်း ၁၅၀ ဖြင့်တင်တောင်းပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားမည်ဖြစ်ကာ တရုတ်အမျိုးသားမှလိုအပ်သလိုထောက်ပံ့ပေးမည်ဟုစည်းရုံးပြောဆိုခဲ့ကြောင်း၊ ထွေးထွေးအား တရုတ်အမျိုးသားနှင့် ပေါင်းသင်းနေထိုင်ရန်စီစဉ်ဆောင်ရွက်ခဲ့သဖြင့် ပဲခူးမြို့ အမှတ်(၃)နယ်မြေရဲစခန်း၌ (ပ) ၂၇၃/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅/၄၄ ဖြင့် တရားစွဲတင်ခဲ့ပြီး (ဇွန်လ ၃၀ ရက်)တွင် ပဲခူးခရိုင်တရားရုံးမှ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေ ပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ်နှစ် (၂ဝ) အမိန့်ချမှတ်ခဲ့သည်။
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးလေးကျေးရွာနေထိုင်သူ အသက်(၃၈) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးအား တစ်ရပ်ကွက်တည်းနေသူ မပပ မှ ဖျာပုံမြို့နယ်ရှိ စက်လှေပေါ်တွင် ပိုက်ထောင်သည့် အလုပ်အားလုပ်ကိုင်ပါက တစ်လလျှင် စရိတ်ငြိမ်းငွေကျပ်နှစ်သိန်းကျပ်ခန့်ရမည်ဖြစ်ကာ ၎င်းကိုယ်တိုင်လိုက်ပါပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆို၍ မိုးမင်းဝင်း(ခ)ငမိုး ထံပို့ဆောင်ပေးခဲ့ကြောင်း၊ ၎င်းက"ဖြိုး"ရေစင်သို့ပို့ဆောင်ပေးခဲ့သဖြင့် ငါးဖမ်းသင်္ဘောပေါ်တွင် ခြောက်လကျော်ခန့် အလုပ်လုပ်ကိုင်ခဲ့ရပြီး လုပ်အားခထုတ်ယူချိန်တွင် မရရှိဘဲ မိုးမင်းဝင်း(ခ)ငမိုးမှ လုပ်အားခငွေကျပ် ၁၀ သိန်းကို ကြိုတင်ခေါင်းပုံဖြတ်ထုတ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ထန်းတပင်မြို့နယ်၊ တက်သစ် နယ်မြေရဲစခန်း (ပ) ၇/၂၀၂၅၊လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ ဖြင့် တရားစွဲတင်ခဲ့ပြီး မှော်ဘီခရိုင်တရားရုံးမှ မိုးမင်းဝင်းအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၆ အရ အလုပ်နှင့် ထောင်ဒဏ်ငါးနှစ်ကျခံစေရန် အမိန့်ချမှတ်ကာ မပပအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ ဖြင့် အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
သတင်း-အင်ကြင်း