·  
#မင်္ဂလာနံက်ခင်းပါ_ဓမ္မမိတ်ဆွေများရှင်__ 
#ဘူတံ_ဘူတတော_ပဿတိ_အရှိတိုင်းသိနေပါ_ 
စာက ' ဘူတံ ဘူတတော ပဿတိ ' 
ဖြစ်တာကို ဖြစ်တဲ့အတိုင်း သိနေပါ တဲ့။ 
သတိလွတ်သွားရင်လည်း လွတ်သွားမှန်းသိ။  
တွေးရင် ကြံရင်လည်း တွေးကြံမှန်းသိ၊  
ထိုင်းမှိုင်း လေးလံရင် ထိုင်းမှိုင်းလေးလံတဲ့  
စိတ်ကလေးကို သိပေးကြည့်ပေးရတယ်။ 
ထိုင်းမှိုင်းလေးလံတာ ရှိတာပဲ။  
ထိနမိဒ္ဓဆိုရင် ရှုမကောင်း ဖြစ်ကြတော့တာပဲ၊  
သတိအားကောင်းရင် ကြည်လင်တယ်၊  
ထိုင်းမှိုင်းတာတွေ လျှော့ပြီး အေးချမ်းသွားတယ်။ 
" ဆင်းရဲ ဘာ့ကြောင်ဖြစ် " 
အမှားသိမှုကြောင့် အမှားကြံစည်မှုတွေ ဖြစ်တယ်၊ အမှား ကြံစည်မှုကြောင့် အမှားပြုလုပ်မှု၊ အမှား ပြောဆိုမှုတွေဖြစ်တယ်၊ အမှား ပြုလုပ်မှု၊ အမှား ပြောဆိုမှုတွေကြောင့် ဆင်းရဲဒုက္ခတွေ အမျိုးမျိုး ဖြစ်ကြရတယ်၊ ဆင်းရဲဟူသမျှဟာ အမှားသိမှု အကြောင်းခံပဲ။ 
အဲဒီ အမှားသိမှုတွေ လွတ်မြောက်ဖို့ရာ  
အမှန်သိမှု အစားထိုးရမယ်။  
အမှန်သိမှုဖြစ်ဖို့ရာ အမြဲ သတိသမ္ပဇဉ်  
ဉာဏ်ယှဉ် နေရမယ်။ 
သတိပဋ္ဌာန်ဆိုတဲ့အတိုင်း  
သတိဦးဆောင်နေရင် မကောင်းတဲ့စိတ်တွေ  
ဖြစ်တိုင်း ဖြစ်တိုင်း သိသိသွားမယ်။ 
 အဲဒီ သိသိသွားတော့ မကောင်းတဲ့စိတ်တွေ  
ဖြစ်ခွင့်မရတော့ဘူး။စိတ်ကို ဒီအတိုင်းသာ  
မပြုမပြင် ပင်ကိုယ်အတိုင်း လွှတ်ထား မယ်ဆိုရင် အသိမှန်၊ အမြင်မှန်ရဖို့ အကျင့်တွေကို မကျင့်သုံးဘူးဆိုရင်တော့ ဒီစိတ်ဟာ အမှားတွေ ပရမ်းပတာနဲ့ ဖြစ်နေတဲ့အတွက် မစင်ကြယ်တော့ဘူး။ 
 အမှားသိရင် အမှား ကြံစည်မှုတွေ ဖြစ်မယ်။  
အမှားကြံတဲ့ ပုဂ္ဂိုလ်ဟာ အမှားပဲ ပြောတော့မှာပေါ့။ အကြံမှား အပြောမှားတဲ့ ပုဂ္ဂိုလ်ဟာ သူ့လုပ်ရပ်တွေ ဘယ်မှာ မှန်တော့မလဲ။အမှားလုပ်ရပ်တွေကြောင့် ဆင်းရဲဒုက္ခ ဝိုင်းဝိုင်းလည်နေတော့တယ်။ 
" စိတ်မိုက် နွားဆိုး " 
' စိတ်မိုက် နွားဆိုး၊ သတိကြိုးဖြင့်၊ အာရုံချည်တိုင်၊ ခိုင်ခိုင် ချည်ပါ 'ဆိုတဲ့အတိုင်း ယောဂီများ သတိထားကြပါ။ အလွတ်ထားတဲ့ စိတ်ဟာ နွားဆိုးနဲ့တူတယ်။ 
တိုင်မှာ ခိုင်ခိုင်ချည်မထားရင် ပေါက်လွှတ်ပဲစား သွားချင်ရာသွား၊ လာချင်ရာလာ၊ ဖြစ်ချင်တိုင်း 
 ဖြစ်နေတယ်။ 
 နွားဆိုး နွားမိုက်နဲ့တူတဲ့ စိတ်မိုက် စိတ်ရိုင်းကို  
သတိတည်း ဟူသောကြိုးနဲ့ တိုင်မှာ ခိုင်ခိုင်ချည် 
ထားရင် ပရမ်းပတာ သွားလာခွင့် မရတော့ဘူး။ 
ဘယ်မှာ ချည်ရမလဲ။ ရှုမှတ်စရာ အာရုံဟာ ချည်တိုင်ပဲ။ နှာသီးဖျား မှတ်သူမှာ နှာသီးဖျားဟာ ချည်တိုင်ပဲ။ ( ခန္ဓာတစ်ခုလုံးဟာ ချည်တိုင်ပဲ။ ) 
 ချည်တိုင်မှာ ဘယ်သူ့ကို ချည်ရမှာလဲ။  
စိတ်ကလေးကို စွဲမြဲအောင် အတွက်လုပ်ရတာ။ 
ခိုင်ခိုင်ချည်ဆိုတာက ဝီရိယ စူးစိုက်ပေးရတယ်။ စူးစူး စိုက် စိုက်ကလေး ရှုမှတ်လိုက်ရင် စိတ်ဟာ အာရုံတစ်ပါး ပရမ်းပတာ လွင့်မသွားတော့ဘူး။  
စိတ်ဟိုရောက်ဒီရောက် မလွင့်ပါးတော့ဘူး။ 
အဝေးရောက်စိတ်တွေ လျော့နည်းသွားတယ်။ 
စိတ်က အဝေးရောက် လွင့်ပါးနေရင် ဖြစ်ခိုက် 
 ရုပ်နာမ်တွေ ပေါ်မှာ အမှန်သိခွင့် မရတော့ဘူး။  
အမှန်မသိရင် အမှားစွဲလမ်းမှုတွေ ဝင်လာတော့ 
တာပဲ။ 
" အမှား စွဲလမ်းမှုများ " 
ရုပ်နဲ့နာမ် အမှန်ရှိလျက်သားနဲ၊ 
ငါ တရားအားထုတ်နေတယ်၊ 
ငါ ရှုနေတယ်၊ ငါသိနေတယ်၊ 
ငါ့ အသိတွေ ထူးခြားနေတယ်၊ 
ငါ့ သမာဓိတွေ ကောင်းနေတယ်။ 
ဒီလို တငါငါနဲ့ စွဲလမ်းမှုတွေ ဖြစ်တာဟာ  
ရှုမှတ်မှု သတိကင်းလို့ပဲ။  
ရှုမှတ်မှု သတိမကင်းလို့ 
အသိမှန်၊ အမြင်မှန်ရနေတဲ့  
ပုဂ္ဂိုလ်ဟာ အမှန်အတိုင်း သိနေတဲ့အတွက်  
အစွဲတွေဖြစ်ခွင့် မရဘူး။ 
{ ရွှေဥမင်ဆရာတော်ဘုရားကြီး }
 
         
 
		  
		 
		 
		 
                