မိဘဈေးရောင်းထွက်နေစဉ် ၁ နှစ်ခွဲအရွယ်ကလေး နေအိမ်ပေါ်မှ ပြုတ်ကျ၍ ရေနစ်သေဆုံး  
 
YT 
 
(မဇ္ဈိမ) ။ ။ ရေကြီးရေလျံမှုဖြစ်ပွားနေသည့် ပဲခူးမြို့၊ ဇိုင်းတောင်ရပ်ကွက်၊ မင်္ဂလာလမ်း၊ သာမဏေကျော်ဘုန်းကြီးကျောင်းအနီးရှိ ခြေတံရှည် နေအိမ်တအိမ်မှ တနှစ်ခွဲအရွယ် ကလေးငယ်တဦးသည် ယနေ့ (ဇူလိုင်လ ၃ ရက်) နံနက်ပိုင်းက နေအိမ်ပေါ်မှ ပြုတ်ကျကာ ရေနစ်သေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။  
 
အဆိုပါ ကလေးငယ်၏ မိဘမှာ တာပေါ်စျေးတွင် စျေးရောင်းသူများဖြစ်ကြပြီး နံနက် ၄ နာရီ စျေးရောင်းသွားနေချိန် နေအိမ်အပေါ်ထပ်တွင် ကလေးသုံးဦး အိပ်လျက်ကျန်ရှိနေခဲ့ကာ အောက်ထပ်သို့ ဆင်းသည့် လှေကားတံခါးအား မပိတ်မိခဲ့ရာမှ ကလေးငယ် ပြုတ်ကျ၍ ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။  
 
ထိုသို့ နေအိမ်ပေါ်မှ ကလေးငယ်ပြုတ်ကျသေဆုံးသည်ကို နံနက် ၆ နာရီကျော်တွင် ကလေးများအား ကျောင်းပို့ရန် ဖခင်ဖြစ်သူ စျေးမှပြန်လာချိန်မှသာ သိရှိခြင်းဖြစ်ကြောင်း အိမ်နီးနားချင်းတဦးက မဇ္ဈိမသို့ ပြောသည်။  
 
“ရေက အရမ်းမများဘူး။ မနက်က အများဆုံးရှိမှ ပေါင်လောက်ပေါ့။ မိဘတွေကဈေးရောင်းသွားကြတာ၊ မနက် ၆ နာရီလောက် ဈေးကပြန်လာတော့မှ (ကလေးငယ် ရေထဲ) ကျနေတာတွေ့တယ်" ဟု အိမ်နီးနားချင်း အမျိုးသမီးတဦးက မဇ္ဈိမသို့ ပြောသည်။  
 
ပဲခူးမြို့ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ဇိုင်းတောင်၊ မြို့သစ်၊ ကျောက်ကြီးစုရပ်ကွက် ကန်သာယာလမ်း၊ စီမံကိန်းလမ်း၊ ကျွန်းသာယာရပ်ကွက်၊ ကလျာဏီရပ်ကွက်တို့အတွင်း ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့မှစ၍ ရေဝင်နေခြင်းဖြစ်ပြီး ယနေ့ ညနေပိုင်းအထိ ရေထပ်တိုးလျက်ရှိနေကြောင်း မြို့ခံများက ပြောသည်။  
 
"ရေက ဒီနေ့တနေကုန် နည်းနည်းချင်း တိုးနေတာ။ ခုထိတိုးနေတုန်းပဲ။ မနက်ကထက်ဆို တထွာကျော်လောက်တိုးသွားပြီ။ အခု ခါးလောက်ရှိနေပြီကို တိုးတုန်းပဲ" ဟု ဇိုင်းတောင်ရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။  
 
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းတာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေအမှတ်အောက် ၁၁ လက်မခန့်တွင် ရောက်ရှိနေပြီး နောက်တရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။  
 
စာတည်း။  ။ နောင်နောင် 
 
ဓာတ်ပုံ - မိဘဈေးရောင်းသွားနေစဉ် အသက် တနှစ်ခွဲအရွယ် ကလေးငယ်တဦး နေအိမ်ပေါ်မှ ပြုတ်ကျ၍ ရေနစ်သေဆုံးမှု ရေကြီးနေသည့် ပဲခူးမြို့၊ ဇိုင်းတောင်ရပ်ကွက်တွင် ယနေ့ (ဇူလိုင်လ ၃ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။ ရုပ်အလောင်းအား ဆင်ဖြူကွင့်သုဿန်သို့ ပို့ဆောင်နေကြစဉ်။ (သကျနွယ် လူမှုနှင့်နာမှုကူညီရေးအသင်း) 
 
 
#ရေကြီး 
#ပဲခူး 
#ရေနစ်သေဆုံး  
#ဇိုင်းတောင် 
credit
 
         
 
		  
		 
		 
                