7 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာလည်နေတာပိုမြန်လာတယ်ဆိုတာ ဟုတ်ပါသလား ?
ကမ္ဘာဟာ သူ့ဝင်ရိုးပေါ်မှာ တစ်ပတ်ပြည့်အောင် လည်ပတ်ဖို့အတွက် ၂၄ နာရီ (တစ်ရက်ခန့်) အချိန်ယူရပါတယ်။ တိတိကျကျဆိုရရင် ၈၆,၄၀၀ စက္ကန့် ခန့် ကြာတိုင်းမှာ ကမ္ဘာကြီးဟာ သူ့ဝင်ရိုးပေါ် တစ်ပတ်လည်ပတ်ပါတယ်။ ဒါကို တစ်ရက်တာကာလ (Length of Day ) လို့ခေါ်ပါတယ်။
ဒါပေမဲ့ ဒီလိုလည်ပတ်နေတဲ့ အချိန်နှုန်းဟာ မပြောင်းလဲဘဲ ထာဝရတစ်သမတ်တည်းဖြစ်နေတာတော့ မဟုတ်ပါဘူး။
သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ လွန်ခဲ့တဲ့ နှစ်သန်း၆၀၀ ခန့်အကွာက ကမ္ဘာကြီးဟာ ၂၁ နာရီခန့်ကြာတိုင်းမှာ တစ်ပတ်လည်ခဲ့ပေမဲ့ အခုချိန်မှာတော့ တဖြေးဖြေးနှေးကွေးလာပြီး ၂၄ နာရီခန့်ကြာမှ တစ်ပတ်လည်နေတယ်လိုဆိုပါတယ်။ကမ္ဘာဂြိုလ်စဖြစ်ပေါ်တုန်းက တစ်ရက်တာအချိန်ဟာ ၁၆နာရီခန့်ပဲရှိပါတယ်။
ဒီလို တဖြည်းဖြည်း နှေးကွေးလာတဲ့ ဖြစ်စဉ်ဟာ နှစ်သန်းပေါင်းများစွာအတွင်း ပြောင်းလဲလာနေတာပါ။ ဒါပေမဲ့ တစ်ခါတလေမှာတော့ ကမ္ဘာ့လည်ပတ်နှုန်းဟာ ခေတ္တမြန်လာတာ မျိုးလည်း ရှိပါတယ်။
၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွေမှာ ကမ္ဘာကြီးဟာ ပုံမှန်ထက် ပိုမိုမြန်ဆန်စွာ လည်ပတ်ခဲ့ပြီး သမိုင်းတစ်လျှောက် အတိုဆုံးရက်အချို့ကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။၁၉၇၀ ကနေ ၂၀၂၀ အတွင်းတိုင်းထွာချက်တွေအရ ကမ္ဘာ့လည်ပတ်နှုန်းဟာ တစ်ချို့လတွေမှာ အနည်းငယ်ပိုမြန်သွားတယ်လို့ဆိုပါတယ်။
ဒါပေမယ့် အဲ့လို မြန်သွားတဲ့ ပမာဏဟာ မီလီစက္ကန့်လောက်လေးပိုမြန်သွားတာဖြစ်ပါတယ်။ မီလီစက္ကန့်ဆိုတာ တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံတစ်ပုံဖြစ်ပါတယ်။
(အမြဲတစေမြန်နေတာထက် တစ်ချို့ရက်တွေမှာ နည်းနည်းလေးပိုမြန်သွားတာမျိူးပါ ။ ရေရှည်မှာတော့ ကမ္ဘာကြီးရဲ့လည်ပတ်နှုန်းဟာ နှေးလာမှာဖြစ်ပါတယ်။)
လက်ရှိတိုင်းတာဖူးသမျှကမ္ဘာ့တစ်ရက်တာ အတိုဆုံးစံချိန်က (86400~ -1.05 ms )ဖြစ်ပါတယ်။
အထူးသဖြင့် လာမယ့် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက်၊ ဇူလိုင် ၂၂ ရက်နဲ့ သြဂုတ် ၅ ရက်ဝန်းကျင်များအတွင်းမှာ ကမ္ဘာရဲ့ လည်ပတ်နှုန်းဟာ ပိုမိုမြန်ဆန်လာမှာ ဖြစ်ပြီး ပုံမှန်ထက် -၁.၃၀ ms၊ -၁.၃၈ msနဲ့ -၁.၅၁ ms လောက် ပိုတိုတဲ့ရက်တွေ ဖြစ်ပေါ်နိုင်တယ် လို့ ခန့်မှန်းထားပါတယ်။ ဒီလို လည်ပတ်နှုန်း မြန်ဆန်လာမှုဟာ မကြာသေးခင်နှစ်တွေအတွင်း ကမ္ဘာ့လည်ပတ်မှု ပုံစံမှာဖြစ်ပေါ်လာတဲ့ ထူးခြားတဲ့ ပြောင်းလဲမှုတစ်ခုလည်း ဖြစ်ပါတယ်။
ဒီလို ကမ္ဘာ့ပတ်နှုန်း အနည်းငယ်ပြောင်းလဲနေခြင်းဟာ ကျွန်တော်တို့ လူသားတွေရဲ့နေ့စဉ်ဘဝမှာ သိသိသာသာ ထူးခြားမှု မရှိပါဘူး။
ဂြိုဟ်တုတွေ၊ GPS စနစ်တွေ၊ ဆက်သွယ်ရေး ကွန်ရက်တွေနဲ့ ကွန်ပျူတာတွေလိုမျိုး အချိန်ကို တိကျစွာ မှီခိုနေရတဲ့ နည်းပညာတွေအတွက်တော့ အနည်းငယ်သက်ရောက်မှု ရှိနိုင်ပါတယ်။
ဒီလို ကမ္ဘာပတ်နှုန်းရုတ်ချည်းပြောင်းလဲမှုဟာ အမျိုးမျိုးသော အကြောင်းအရာတွေပေါ်မှာ အခြေခံပါတယ်။ ဥပမာ လနဲ့ ကမ္ဘာပတ်လမ်းအနေအထား၊ ငလျင်လှုပ်ခတ်မှုများနဲ့ ပင်လယ်အတွင်းမှာရှိတဲ့ ရေထုပမဏတွေအပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲမှုတွေဖြစ်ပေါ်နိုင်ပါတယ်။ဒါပေမယ့် ဒီပမာဏ ဟာ မပြောပလောက်တဲ့ အတိုင်းအတာသာဖြစ်ပါတယ်။
လနဲ့ ကမ္ဘာ အကွာအဝေး အထူးသဖြင့် အီကွေတာနဲ့ ဝေးနေတဲ့အခါမျိုးမှာ ကမ္ဘာပတ်နှုန်း မဆိုစလောက်လေးမြန်သွားတတ်ပါတယ်။အခုဖော်ပြထားတဲ့ ရက်သုံးခုဟာ ကမ္ဘာရဲ့ အီကွေတာကနေ လဟာ အဝေးဆုံးအနေအထားရောက်နေတဲ့ရက်တွေလည်းဖြစ်ကြပါတယ်။
နောက်ပြီး Climate change လို့ခေါ်တဲ့ ရာသီဥတု ပြောင်းလဲခြင်းဖြစ်စဉ်ကြောင့်လည်း အခုလို ကမ္ဘာ့လည်နှုန်းပြောင်းလဲနေရသလားဆိုတာကို လည်း တစ်ချို့သိပ္ပံပညာရှင်တွေက အဖြေထုတ်နေကြပါတယ်။
အချိန်ကို တိကျစွာ မှတ်သားပေးတဲ့ atomic clock တွေနဲ့ ကမ္ဘာ့လည်ပတ်နှုန်းကို စောင့်ကြည့်တိုင်းတာနေတဲ့ သိပ္ပံပညာရှင်တွေက ဒီလိုပြောင်းလဲမှုတွေကို အသေးစိတ် လေ့လာနေကြပါတယ်။
လူသားတွေရဲ့ သိလိုစိတ်နဲ့ အဖြေမှန်ရှာဖွေခြင်းဟာ သိပ္ပံပညာရဲ့ အဓိကမောင်းနှင်အားဖြစ်ပါတယ်။

image