#နိုင်ငံတကာသတင်း
◼သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပူတင်နှင့် မက်ခရွန် ဖုန်းဖြင့်ဆွေးနွေး
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် အရေးပါသော ဖုန်းခေါ်ဆိုမှုလုပ်ဆောင်ခဲ့ပြီး အီရန်-အစ္စ‌ရေးပဋိပက္ခနှင့်ယူကရိန်း အရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ကရင်မလင်က ယမန်နေ့တွင်ပြောကြားပြီး ယင်းမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာ နောက်ပိုင်း ‌ခေါင်းဆောင်နှစ်ဦးကြား ပထမဆုံး ဆွေးနွေးမှုဖြစ်သည်။
ယင်းဖုန်းခေါ်ဆိုမှုက နှစ်နာရီ ကြာမြင့်ခဲ့ကာ ယူကရိန်းအပစ်အခတ်ရပ်စဲရေး အတွက် ပြင်သစ်ခေါင်းဆောင် က တိုက်တွန်းခဲ့ပြီး ပဋိပက္ခအဆုံးသတ်နိုင်ရေး ဆွေးနွေးမှုများ စတင်ရန်လည်း ပြောကြားခဲ့ကြောင်း ပြင်သစ်သမ္မတရုံးက ပြောကြားသည်။
ပူတင်အား ဖုန်းခေါ်ဆိုခြင်း မပြုမီ နှင့် ဖုန်းခေါ်ဆိုပြီးနောက်တွင် မက်ခရွန်က ယူကရိန်းသမ္မတ ဇီလန်စကီးအား ဆက်သွယ်၍ ၎င်းတို့ဆွေးနွေးခဲ့သည်များကို ‌ပြောပြခဲ့ကြောင်း ပြင်သစ်သံတမန် သတင်းရင်းမြစ်တစ်ဦး က ပြောသည်။
ထို့ပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကိုလည်း မက်ခရွန် က ဆက်သွယ်တင်ပြခဲ့သည်။
နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာတည်ဆောက်ရေး အီရန်၏ အခွင့်အရေးကို လေးစားရန် လိုအပ်သလို နျူကလီးယားမပြန့်ပွားရေးစာချုပ်အရ ၎င်းတို့လိုက်နာရမည့်အချက် များကို အီရန်က ဆက်လက်လိုက်နာရေးကို လေးစားရန်လည်း လိုအပ်ကြောင်း ပူတင်က ပြောကြားခဲ့သည်ဟု ကရင်မလင် ထုတ်ပြန်ချက် က ဖော်ပြသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ငါးဦးစလုံး ပါဝင် ပတ်သက်ရလောက်သည်အထိ အီရန်၏ နျူကလီးယားခြိမ်းခြောက်မှု က လေးနက်ကြောင်း ရှုမြင်သော မက်ခရွန်ကလည်း အီရန်အနေဖြင့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA )နှင့် အပြည့်အဝ ပူး‌ပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းကို အလေးအနက်ထား ပြောကြားခဲ့ကြောင်း ပြင်သစ်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
အီရန်ပါလီမန်ကမူ IAEA နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆိုင်းငံ့ထားရန် ဥပဒေကြမ်းတစ်ရပ်ကို ပြီးခဲ့သည့် လ က အတည်ပြုထားသည်။
ရုရှားနှင့်ပြင်သစ် နှစ်နိုင်ငံစလုံးက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များ ဖြစ်သည်။
ယူကရိန်းအရေးနှင့်ပတ်သက်၍မူ ပူတင်က၎င်း၏ ရပ်တည်ချက်ကို မက်ခရွန်အား ထပ်မံ အ‌လေးအနက်ပြောကြားခဲ့ကာ ယူကရိန်းစစ်ပွဲမှာ အနောက်တိုင်းမူဝါဒများ၏ တိုက်ရိုက်အကျိုးဆက်ဖြစ်ကြောင်း နှင့် ယင်းတွင် မကြာသေးမီနှစ်များအတွင်း ရုရှား၏ လုံခြုံရေးအကျိုးစီးပွားကိုလည်း လျစ်လျူရှုထားကြောင်း ပူတင်က ပြောသည်။
ရုရှားနှင့် ယူကရိန်းကြားက ငြိမ်းချမ်းရေးသဘောတူညီချက် မှန်သမျှသည် ကျယ်ပြန့်၍ ရေရှည် သ‌ဘော သ ဘာဝရှိသင့်ကာ အသစ်ဖြစ်ပေါ်လာသောနယ်မြေပိုင်ဆိုင်မှု အရှိတရားကို အခြေခံသင့်ကြောင်း ပူတင် က ပြော ကြားခဲ့သည်ကို ကရင်မလင်က ထုတ်ပြန်သည်။
ငြိမ်းချမ်းရေးသဘောတူညီချက် တစ်စိတ်တစ်ပိုင်းအဖြစ် ၎င်းတို့၏ ပိုင်နက်များအား ရုရှားက သိမ်းယူခြင်းကို ယူကရိန်းက လက်ခံရမည်ဖြစ်ကြောင်း ပူတင်က ယခင်ကလည်း ပြောကြားခဲ့သည်။
ယင်းသို့ ပိုင်နက်နယ်မြေလိုက်လျောမှုများနှင့်ပတ်သက်၍ ယူကရိန်းကသာ ဆုံးဖြတ်သင့်ကြောင်း မက်ခရွန်က ယခင်ကတည်းကပြောကြားခဲ့ကာ ယူကရိန်း၏အချုပ်အခြာအာဏာ နှင့် နယ်မြေပိုင်ဆိုင်မှုအပေါ် ပြင်သစ်နိုင်ငံ၏ မယိမ်းမယိုင် ထောက်ခံမှုကို သမ္မတ က အလေးထားပြောကြားခဲ့ကြောင်း မက်ခရွန်၏ ရုံးက ထုတ်ပြန်ခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image