#နိုင်ငံတကာသတင်း
◼ တရုတ်စစ်အခြေစိုက်စခန်းကို မကြိုဆိုကြောင်း ဖီဂျီဝန်ကြီးချုပ်ပြော
ပစိဖိတ်ကျွန်းစုနိုင်ငံများတွင် တရုတ်စစ်စခန်းများ ထူထောင်ခြင်းကို ဖီဂျီ က ဆန့်ကျင်ကြောင်း ဖီဂျီ ဝန်ကြီးချုပ် ဆီတီဗီနီရာဘူကာ က ယနေ့ပြောကြားလိုက်ပြီး တရုတ်အနေဖြင့် အင်အားကြီးကြောင်း ပြသရန် စစ်စခန်း မလိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
အမေရိကန်နှင့်အာရှတိုက်ကြား မဟာဗျူဟာမြောက် တည်ရှိနေသော ပစိဖိတ်ကျွန်းစုများသည် လုံခြုံရေး ဆက်ဆံမှုအတွက် ဝါရှင်တန်နှင့် ပေကျင်းကြား တွင် အဓိကပြိုင်ဆိုင်ရာနယ်မြေတစ်ခု ဖြစ်လာနေသည်။
အင်အားကြီးလာသော တရုတ်နိုင်ငံ၏ ဩဇာဖြန့်ကြက်ရန်ကြိုးပမ်းမှုကို ကိုင်တွယ်ရန် ပစိဖိတ်နိုင်ငံများက ကြိုးစားနေရကြောင်း ဩစတြေးလျနိုင်ငံမြို့တော် အမျိုုသားစာနယ်ဇင်းကလပ်တွင် ဖီဂျီဝန်ကြီးချုပ်က ပြောကြားပြီး ယင်းသို့သော အခြေစိုက်စခန်းမျိုးကိုလက်မခံရန် ၎င်းအနေဖြင့် အခြားပစိဖိတ်နိုင်ငံများအား စည်းရုံးသွားမည်ကို ပေကျင်းက သိရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“မကြာခင်က ဆွေး‌နွေးပွဲတွေမှာ ပစိဖိတ်ခေါင်းဆောင်တွေက အားလုံးနဲ့မိတ်ဆွေဖြစ်ပြီး ဘယ်သူနဲ့မှ ရန်သူ မဖြစ်စေမယ့် မူဝါဒတွေ ဖော်ဆောင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါဟာ ထိန်းကျောင်းဖို့ တော်တော်လေးခက်ခဲပါတယ်။ ဒါပေမယ့်လည်း ဖြစ်နိုင်ပါတယ်။” ဟု ဖီဂျီဝန်ကြီးချုပ် က ပြောသည်။
ထို့ပြင် ထိုင်ဝမ်ရေလက်ကြားနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ခဲ့ပါက ယင်းမှ ရိုက်ခတ်မှုများကို ပစိဖိတ်တွင်လည်း ခံစားရမှာ ဖြစ်ကြောင်း နှင့် ထိုသို့ဖြစ်နိုင်ခြေအတွက်လည်း တရုတ်နှင့်အခြားနိုင်ငံများက စီစဉ် ထား ကြပြီ ဖြစ်ကြောင်း မစ္စတာရာဘူကာ က ဆက်ပြောသည်။
တရုတ်က စစ်အခြေစိုက်စခန်း ထူထောင်မည်ကို ဖီဂျီက ဆန့်ကျင်ကြောင်း၊ ယင်းဒေသမှ ဆော်လ မွန်ကျွန်းစုနိုင်ငံနှင့် လုံခြံ‌ရေး သဘောတူညီချက်ရရှိထားပြီး အခြားနိုင်ငံအများအပြားတွင်လည်း ရဲတပ်ဖွဲ့များ ထားရှိပြီးဖြစ်သော ပေကျင်း၏ လုံခြုံရေးရည်မှန်းချက်များနှင့်ပတ်သက်၍ စူးစမ်းမှုများအား တုံ့ပြန်ပြီး ဖီဂျီဝန်ကြီးချုပ် ရာဘူကာက ပြောသည်။
“ သူတို့ လာချင်ရင် ဘယ်သူက သူတို့ကို ကြိုဆိုမှာလဲ ၊ ဖီဂျီကတော့ မကြိုဆိုဘူး” ဟု ၎င်းက ပြောသည်။
ယင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန်တောင်းဆိုမှုကို ဖီဂျီနိုင်ငံဆိုင်ရာ တရုတ်သံရုံး က ချက်ချင်းမတုံ့ပြန်ခဲ့ပေ။
စက်တင်ဘာလ က ဖီဂျီနိုင်ငံကို ကျော်လွန်ပြီး နိုင်ငံတကာရေပြင်သို့ ကျရောက်သွားခဲ့သော တိုက် ကြီးတစ်တိုက်မှတစ်တိုက်သို့ ပစ်ခတ်နိုင်သော တိုက်ချင်းပစ်ဒုံးကျည်ကို ပေကျင်းက ပစ်လွှတ် စမ်းသပ်ခဲ့သောကြောင့်လည်း တရုတ်က အင်အားကြီးကြောင်း ပြသရန် စစ်စခန်းမလိုအပ်ကြောင်း ဖီဂျီ ဝန်ကြီးချုပ်က ဆိုသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image