ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိတဲ့ ကုမ္ပဏီ ၁၉၀ ကျော်ကို အမည်ပျက်စာရင်းသွင်း
ဇူလိုင် ၁ - ၂၀၂၅
SS (VOM)
၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ကာလအတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိနေတဲ့ ကုမ္ပဏီ ၁၉၀ ကျော်ကို အမည်ပျက်စာရင်း (Black List) ထည့်သွင်းလိုက်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မနေ့ ဇွန် ၃၀ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။
အခု ၂၀၂၅ ခုနှစ်၊ ဇွန် ၂၃ ရက်အထိ စိစစ်ချက်တွေအရ ကုမ္ပဏီ စုစုပေါင်း ၁၉၇ ခုနဲ့ အဲဒီကုမ္ပဏီတွေရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်တာ ဖြစ်တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ကုမ္ပဏီတွေဟာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ပို့ကုန်လုပ်ငန်းတွေ လုပ်ဆောင်ထားပေမယ့် နိုင်ငံခြားသုံးငွေဆိုင်ရာ ဥပဒေစည်းမျဉ်းတွေကို လိုက်နာခြင်း မရှိဘဲ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။
အခုလို အမည်ပျက်စာရင်း ကြေညာမှုနဲ့ ပတ်သက်လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က “ဒီအချိန်၊ ဒီကာလမှာက လုပ်ငန်းတွေ ဖြစ်ဖြစ်မြောက်မြောက် လည်ပတ်နိုင်ဖို့က ခက်တယ်။ အကုန်လုံးက ကျားကန်ပြီး ရုန်းကန်နေရတဲ့ အခြေအနေပေါ့။ Export လုပ်နိုင်ဖို့ ဆိုတာကလည်း နယ်စပ်လမ်းကြောင်းတွေ ကောင်းဖို့လိုတယ်။ ရေကြောင်းက သိပ်အလုပ်မဖြစ်ဘူး။ အဲဒီတော့ Export ပမာဏ လျော့ကျနေတာပေါ့။ ဒါကြောင့် သတ်မှတ်ရက်အတွင်း ပို့ကုန်ရငွေတွေ ပြန်ဝင်နိုင်ဖို့ဆိုတာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး” လို့ ပြောပါတယ်။
ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ပို့ကုန်ရငွေတွေနဲ့ ပတ်သက်လို့ အာရှနိုင်ငံတွေကို တင်ပို့ပါက ပို့ကုန်တင်ပို့တဲ့ နေ့ကနေ ရက်ပေါင်း ၃၀ အတွင်း၊ အာရှနိုင်ငံတွေမှအပ တခြားနိုင်ငံတွေကို တင်ပို့ပါက ပို့ကုန်တင်ပို့တဲ့ နေ့ကနေ ရက်ပေါင်း ၆၀ အတွင်း ပို့ကုန်တင်ပို့သူရဲ့ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်စာရင်းထဲကို မပျက်မကွက် ထည့်သွင်းဖို့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေမှာ ပြဋ္ဌာန်း သတ်မှတ်ခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမှာ ပို့ကုန်ရငွေတွေ သတ်မှတ်ကာလအတွင်း ရရှိနိုင်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းပြီး လုပ်ငန်းရှင်တွေကို ဆက်သွယ်ခေါ်ယူ စာရင်းရှင်းလင်းခဲ့တာမှာ စာရင်း ရှင်းလင်းနိုင်ခြင်း မရှိတဲ့ ကုမ္ပဏီတွေကို ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ ပြဋ္ဌာန်း သတ်မှတ်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်သူတွေဟာ တနှစ်ထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာဖြစ်တယ်လို့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂ မှာ ပြဋ္ဌာန်းထားပါတယ်။
ဒါနဲ့ ပတ်သက်လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တယောက်က “ကျွန်တော်တို့ဘက်ကလည်း ပို့ကုန်တွေ အရှုံးပေါ်တဲ့အချိန် ဆိုတာရှိတယ်။ ကုမ္ပဏီတွေရဲ့ ပို့ကုန်ရငွေတွေကို မတန်တဆ ငွေလဲနှုန်းနဲ့ မဖြစ်မနေ လဲခိုင်းတာကလည်း အဆင်မပြေဘူး။ သွင်းကုန်လိုင်စင် ပိတ်ထားပြီး ပြန်ချမပေးတာတွေကလည်း ပို့ကုန်ရငွေတွေ ပြည်တွင်းဘဏ်တွေထဲကို ထည့်ဖို့ ကုမ္ပဏီတွေအတွက် ခက်ခဲစေတယ်။ ပို့ကုန်လိုင်စင်ရှိရင် သွင်းကုန်လိုင်စင် ရမယ်ပြောပေမယ့် တကယ်တမ်းကျ မရဘူး။ ကိုယ်တွေဆီကလိုချင်ရင် သူတို့ဘက်ကလည်း ထိုက်သင့်တဲ့ လုပ်ဆောင်ချက်တွေ၊ အကျိုးခံစားခွင့်တွေ ပြန်ပေးဖို့ လိုတယ်” လို့ ပြောပါတယ်။
လက်ရှိ အမည်ပျက်စာရင်း သွင်းခံရတဲ့ ကုမ္ပဏီအများစုဟာ ကုန်သွယ်မှု လုပ်ငန်းတွေဖြစ်ပြီး ကုန်ထုတ်လုပ်ငန်းတွေအပြင် ခရီးသွားလာရေးနဲ့ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ မော်တော်ယာဉ်၊ ဆေးသုတ်ပစ္စည်း၊ လယ်ယာထွက်ကုန်၊ ပို့ဆောင်ရေး၊ အထည်ချုပ်၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး၊ သံမဏိ၊ သတ္တုတူးဖော်ရေးနဲ့ ရေကြောင်းပို့ဆောင်ရေး စတဲ့ လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။
ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းကလည်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိတဲ့ ကုမ္ပဏီ ၁၃၇ ခုကို အမည်ပျက်စာရင်း ထည့်သွင်းခဲ့ပြီး အဆိုပါ ကုမ္ပဏီတွေထဲက ပို့ကုန်ရငွေစာရင်း ပြန်လည် ရှင်းလင်းလာတဲ့ ကုမ္ပဏီ ၅၉ ခုနဲ့ အဲဒီ ကုမ္ပဏီတွေရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် အဆိုပါ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းကလည်း ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ငါးသိန်းနဲ့အထက် ပြန်လည် ဝင်ရောက်မှုမရှိတဲ့ တရုတ်ကုမ္ပဏီတွေ အပါအဝင် ကုမ္ပဏီ ၂၈ ခုကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
Photo - CJ
