အမေရိကန်နှင့် ကုန်သွယ်ရေး စေ့စပ်ဆွေးနွေးမှုကို တွန်းအားပေးရန် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန်ကို ကနေဒါ ဖျက်သိမ်း
*******************
(နိုင်ငံတကာ) ဇူလိုင် ၁
အမေရိကန်နှင့် ကုန်သွယ်ရေးစေ့စပ်ဆွေးနွေးမှုကို တွန်းအားပေးရန် မူလသတ်မှတ်ထားသည် ဇွန်လ ၃၀ ရက်တွင် အသက်ဝင်မည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန်ကို ဖျက်သိမ်းကြောင်း ကနေဒါဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လ ၂၉ ရက်တွင် ကြေညာခဲ့သည်။
ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီနှင့် အမေရိကန်သမ္မတ ထရမ့် တို့သည် ဇူလိုင်လ ၂၁ ရက်မတိုင်မီ သဘောတူညီချက်ရရှိရေး စေ့စပ်ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ရန် နှစ်ဖက်သဘောတူခဲ့ ပြီးဖြစ်ကြောင်း ကနေဒါ ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။
အမေရိကန်က ကနေဒါ၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် ကောက်ခံမည့်အစီအစဉ်ကို အစဉ်အမြဲဆန့်ကျင်ပြီး ဖိအားပေးတားဆီးရန် ကြိုးပမ်းလျက်ရှိသည်။ ကနေဒါဘဏ္ဍာရေးဝန်ကြီး Francois-Philippe Champagne က ဤအစီအစဉ်ကို ရွှေ့ဆိုင်းမည်မဟုတ်ကြောင်း တစ်ချိန်ကပြောကြားခဲ့သည်။
အဆိုပါအစီအစဉ်အရ ကနေဒါအစိုးရသည် သိပ္ပံနည်းပညာကုမ္ပဏီများက အသုံးပြုသူများကို ဒစ်ဂျစ်တယ်ဝန်ဆောင်မှုပံ့ပိုးခြင်း သို့မဟုတ် အသုံးပြုသူများထံ အချက် အလက်များ ရောင်းချခြင်း ဝင်ငွေ၏ ၃ ရာခိုင်နှုန်းကို အခွန်အဖြစ်ကောက်ခံမည်ဖြစ်ပြီး ယင်းမှာ သက်ဆိုင်ရာကုမ္ပဏီများ၏ ၂၀၂၂ ခုနှစ် ဝင်ငွေအထိ ကျုံးဝင်မည်ဖြစ်သည်။
အမေရိကန်သိပ္ပံနည်းပညာကုမ္ပဏီများကို ပစ်မှတ်ထားသည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် ထုတ်ပြန်ရန် ကနေဒါက အခိုင်အမာဆောင်ရွက်နေခြင်းကြောင့် ကနေဒါနှင့် ကုန်သွယ်ရေးစေ့စပ် ဆွေးနွေးမှုအားလုံးကို ချက်ချင်း ရပ်ဆိုင်းရန် အမေရိကန်က ဆုံးဖြတ်လိုက်ကြောင်း ထရမ့် က ဇွန်လ ၂၇ ရက် လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာခဲ့သည်။
