အစ္စရေး၏အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ချက်ကို သံသယရှိဟု အီရန်တာဝန်ရှိသူ ပြောကြား
*******************
(နိုင်ငံတကာ) ဇူလိုင် ၁
အစ္စရေး၏ မကြာမီက ဆောင်ရွက်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ချက်ကို သံသယရှိကြောင်းနှင့် အီရန်ကို တိုက်ခိုက်လာပါက ပြန်လည်တွန်းလှန်တိုက်ခိုက်မည်ဟု အီရန်ထိပ်တန်း တပ်မှူးတစ်ဦးက တက်စ်မင် သတင်းအေဂျင်စီသို့ ပြောကြားသည်။

ဆော်ဒီကာကွယ်ရေးဝန်ကြီး ခါလစ်ဗင်ဆယ်လ်မန်နှင့် တွေ့ဆုံဆွေးနွေးရာ တွင် အီရန်တပ်မတော်စစ်ဦးစီးချုပ် အဗ္ဗဒိုလာဟင်မိုဆာဗီက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

အီရန် အနေဖြင့် အစ္စရေး၏အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ချက်ကို သံသယရှိကြောင်းနှင့် အီရန်အား ထပ်မံကျူးကျော် တိုက်ခိုက်လာပါက အပြည့်အဝတုံ့ပြန်တိုက်ခိုက်မည်ဟု ၎င်းက ပြောကြားသည်။

အီရန်က အမေရိကန်နှင့် နျူကလီးယားအရေးဆွေးနွေးနေစဉ် အရာရာထိန်းချုပ်ဆောင်ရွက်ခဲ့သော်လည်း အမေရိကန်နှင့်အစ္စရေးတို့က အီရန် အပေါ် တိုက်ခိုက်မှုများဆောင်ရွက်ခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားသည်။

အီရန်အား အမေရိကန်နှင့်အစ္စရေးတို့က တိုက်ခိုက်ခဲ့ခြင်းအတွက် ရှုတ်ချကြောင်းနှင့် ၎င်းပဋိပက္ခ ပြီးစီးရေး အတွက် ကြိုးပမ်းဆောင်ရွက်မည်ဟု ဆော်ဒီကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

အီရန်နှင့်ဆော်ဒီအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့်ဒေသတွင်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်ရန် ဆွေးနွေးပွဲအတွင်း ခေါင်းဆောင်များက သဘောတူခဲ့သည်။

အီရန်နှင့်အမေရိကန်အကြား နျူကလီးယားအရေးဆွေးနွေးမည်ဟု အမေရိကန်သမ္မတထရမ့်၏ မကြာမီက ပြောကြားချက်သည် မှန်ကန်ခြင်းမရှိကြောင်း အီရန်ဒုတိယနိုင်ငံခြားရေး ဝန်ကြီး မဂျစ်တက်စ် ရာဗန်ချီက ပြောကြားသည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

image