#end
၂။ မှောင်မိုက်သော ဒြပ်စင် (Dark Matter) ရှာဖွေတွေ့ရှိခြင်း
နောက်ထပ် အမှတ်ရစရာ တစ်ခုကတော့ မှောင်မိုက်သော ဒြပ်စင် (Dark Matter) ရဲ့ ရှာဖွေတွေ့ရှိမှုပဲ ဖြစ်ပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ နက္ခတ္တဗေဒပညာရှင် ဗီရာ ရူဘင် (Vera Rubin) နဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ အင်ဒရိုမီဒါ ဂလက်ဆီရဲ့ လည်ပတ်ပုံကို အသေးစိတ် လေ့လာခဲ့ကြပါတယ်။ သူတို့ တွေ့ရှိခဲ့တာကတော့ ဂလက်ဆီရဲ့ အပြင်ဘက်အစွန်ဆုံးအပိုင်းတွေမှာရှိတဲ့ ကြယ်တွေဟာ ဗဟိုနဲ့ နီးတဲ့ ကြယ်တွေလောက်ပဲ မြန်နှုန်းနဲ့ လည်ပတ်နေကြတာပဲ ဖြစ်ပါတယ်။ ဒါဟာ နယူတန်ရဲ့ ဒြပ်ဆွဲအားနိယာမအရဆိုရင် မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဂလက်ဆီရဲ့ အပြင်ဘက်မှာရှိတဲ့ ကြယ်တွေဟာ ဗဟိုရဲ့ ဆွဲအားသက်ရောက်မှု နည်းပါးတာကြောင့် ပိုပြီး ဖြည်းညှင်းစွာ လည်ပတ်သင့်ပါတယ်။ဒါမယ့်ဒီလိုမဟုတ်တာကြောင့် Vera C Rubin တို့ အဖွဲ့ဟာ ဒီပြဿနာကို ရှင်းပြခဲ့ပါတယ်။
ဒီလို မမျှော်လင့်ထားတဲ့ လည်ပတ်နှုန်းကို ရှင်းပြဖို့အတွက် ရူဘင်နဲ့ သူမရဲ့အဖွဲ့ဟာ ဂလက်ဆီထဲမှာ ကျွန်တော်တို့ မမြင်နိုင်တဲ့ "ထပ်ဆောင်းဒြပ်ထု" တစ်ခုခုရှိနေရမယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ ဒီမမြင်နိုင်တဲ့ ဒြပ်ထုကိုပဲ "မှောင်မိုက်သော ဒြပ်စင်" (Dark Matter) လို့ နာမည်ပေးခဲ့တာပါ။ Dark Matter ဟာ အလင်းကို ထုတ်လွှတ်ခြင်း၊ စုပ်ယူခြင်း၊ ဒါမှမဟုတ် ပြန်ဟပ်ခြင်း မရှိတဲ့အတွက် ကျွန်တော်တို့ရဲ့ တယ်လီစကုပ်တွေနဲ့ တိုက်ရိုက်ကြည့်လို့ မရပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ဒြပ်ဆွဲအားအပေါ်သက်ရောက်မှုကနေတစ်ဆင့် သူ့ရဲ့တည်ရှိမှုကို သိရှိနိုင်ပါတယ်။ Dark Matter ရဲ့ သဘောသဘာဝကတော့ ဒီနေ့အထိ နက္ခတ္တ ရူပဗေဒမှာ နောက်ထပ်လူစိတ်ဝင်စားမှုအများဆုံး အကြီးမားဆုံး ထူးခြားဆန်းကြယ်မှုတွေထဲက တစ်ခုအဖြစ် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
(ဒါကိုတော့ ရှေ့ရက်က Vera Rubin telescope နဲ့ Dark matter အကြောင်းမှာ ဖော်ပြခဲ့ပြီးပါပြီ။)
ဒီမှာ တိုက်ဆိုင်တာက Hubble ကော Vera Rubin ကော နှစ်ယောက်စလုံးရဲ့ လေ့လာတွေ့ရှိမှုတွေဟာAndromeda galaxy ကိုလေ့လာရင်းနဲ့ကျွန်တော်တို့ရဲ့ Astronomy အပေါ်မှာ အများကြီး အကျိုးသက်ရောက်မှုရှိခဲ့တာဖြစ်ပါတယ်။
သူတို့နှစ်ယောက်စလုံး နိုဗယ်ဆု ချိီးမြင့်ခြင်းမခံရတဲ့နေရာမှာလည်း အတူတူပဲဖြစ်ပါတယ်။
(ပုံမှန်အားဖြင့် Astrophysics သမားတွေဟာ နိုဗယ်ဆုဆွတ်ခူးဖို့ အရင်ခေတ်တွေက ပိုခက်ပါတယ်။အခုနောက်ပိုင်းတော့ဆယ်စုနှစ်တစ်ခါ ရလေ့တော့ရှိပါတယ်)
ဒါပေမယ့် သူတို့နှစ်ယောက်စလုံးရဲ့ အာကာသ သိပ္ပံအပေါ်မှာ များစွာသော အကျိုးပြုမှုတွေကြောင့် နာမည်ကျော် Hubble telescope ကြီးနဲ့ မကြာသေးမှီရက်ပိုင်းအတွင်းကမှ စတင်လည်ပတ်လာခဲ့တဲ့ Vera.C.Rubin observatory တွေကို သူတို့နာမည်တွေကို ဆက်ခံစေပြီး အာကာသလေ့လာရေးလုပ်ငန်းစဉ်တွေမှာ သူတို့နာမည်ဆက်အမှတ်ရ ကျန်ရစ်နေအောင် ပြည်သူပေးတဲ့ဆုတွေကိုတော့ ရရှိခဲ့ကြတာလည်း တိုက်ဆိုင်မှုတစ်ခုဖြစ်ပါတယ်။
ဒီလို ဂုဏ်ပြုမှုတွေရရှိခဲ့တာလည်း မတူညီတဲ့လေ့လာမှု တွေနဲ့ Andromeda ဂလက်ဆီကြီးကိုလေ့လာကြရင်းရရှိခဲ့ကြတာလည်းဖြစ်ပါတယ်။
