#ဆက်ရန်ရှိ

ကျွန်တော်တို့ ကမ္ဘာနဲ့ အလင်းနှစ်ပေါင်း ၂.၅ သန်းခန့်အကွာမှာ တည်ရှိတဲ့ အင်ဒရိုမီဒါ ဂလက်ဆီ (Andromeda galaxy) ဟာ ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းဖြစ်ပြီး တခြားကမ္ဘာအဝေးက ဂလက်ဆီတွေထက် လေ့လာမှုတွေ ပိုလုပ်နိုင်ခဲ့တဲ့ စိတ်ဝင်စားဖွယ်ရာ ဂလက်ဆီတစ်ခု ဖြစ်ပါတယ်။
အခုဖော်ပြထားတဲ့ ပုံဟာပြီးခဲ့တဲ့ရက်ပိုင်းက NASA ရဲ့ Andromeda ဂလက်ဆီကြီးကို လေ့လာဖူးသမျှ ပုံတွေကို စုပေါင်းထားပြီး Dark matter ကို ဦးဆုံးလေ့လာမှု ပြုလုပ်နိုင်ခဲ့တဲ့ အမျိူးသမီးသိပ္ပံပညာရှင် ဒေါက်တာ Vera C rubin ကိုဂုဏ်ပြုတဲ့ အနေနဲ့ ထုတ်ပေးလာတဲ့ ပုံဖြစ်ပါတယ်။
ဒီဂလက်ဆီကြီးနဲ့ ပတ်သက်ပြီး အမှတ်ရစရာ အကြောင်းအရာနှစ်ခုကို ဖော်ပြပေးချင်ပါတယ်။
၁။ Milky way ဂလက်ဆီရဲ့ နယ်နမိတ် ကို ရှာဖွေတွေ့ရှိခြင်း
၁၉၂၀ ပြည့်လွန်နှစ်တွေမှာ နက္ခတ္တဗေဒပညာရှင် အက်ဒ်ဝင် ဟာဘယ်လ် (Edwin Hubble) ဟာ နက္ခတ်တာရာကြည့်စင်တစ်ခုမှာ andromeda ဂလက်ဆီကို လေ့လာရင်း အလုပ်များနေခဲ့ပါတယ်။ ဒါပေမယ့် Andromeda ဂလက်ဆီကို အဲ့တုန်းက Andromeda nebula လို့ပဲ သတ်မှတ်ထားပါတယ်။ အဲ့ခေတ်တုန်းကပညာရှင်အများစုက ကျွန်တော်တို့ရဲ့ နဂါးငွေ့တန်း ဂလက်ဆီ (Milky Way galaxy) ဟာ စကြဝဠာတစ်ခုလုံးပဲဖြစ်ပြီး Andromeda လိုဂလက်ဆီတွေကို နက်ဗြူလာတွေလို့ပဲ မှတ်ထင်ထားကြဆဲဖြစ်ပါတယ်။တကယ်နက်ဗြူလာ မဟုတ်ခဲ့တာကို မသိကြသေးပါဘူး။
ဒါကို စတင်တွေ့ရှိခဲ့သူက Hubble ဖြစ်ပါတယ်။ ဒီအချိန်မှာ Hubble ဟာ အင်ဒရိုမီဒါ ဂလက်ဆီထဲမှာ မှေးမှိန်နေတဲ့ ကြယ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲဒီကြယ်ဟာ "Cepheid variable" လို့ခေါ်တဲ့ ကြယ်အမျိုးအစားဖြစ်ပြီး ဒီကြယ်တွေရဲ့ ထူးခြားချက်ကတော့ သူတို့ရဲ့ တောက်ပမှုဟာ ပုံမှန်ပြောင်းလဲနေတာပဲ ဖြစ်ပါတယ်။
ဟာဘယ်လ်ဟာ ဒီကြယ်ရဲ့ တောက်ပမှု ပြောင်းလဲနှုန်းကို တိုင်းတာပြီး ကမ္ဘာကနေ ဘယ်လောက်ဝေးတယ်ဆိုတာကို တွက်ချက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဟာဘယ်လ် တွက်ချက်လိုက်တဲ့ အင်ဒရိုမီဒါ ဂလက်ဆီရဲ့ အကွာအဝေးဟာ နဂါးငွေ့တန်း ဂလက်ဆီရဲ့ မူလတွက်ချက်ထားတဲ့ အရွယ်အစားထက် အများကြီး ပိုကြီးမားနေပါတယ်။ ဒီမှာပဲ Andromeda Nebula ဟာ တစ်ကယ်တော့ နောက်ထပ် ဂလက်ဆီ တစ်ခုဖြစ်နေတယ်ဆိုတာကို Hubble သိရှိသွားပါတယ်။
ဒီတွေ့ရှိမှုက စကြဝဠာထဲမှာ ကျွန်တော်တို့ ဂလက်ဆီအပြင် တခြားဂလက်ဆီတွေ အများကြီးရှိနေသေးတယ်ဆိုတာကိုနောက်ထပ်ရှာဖွေ သက်သေပြခဲ့ပြီး နက္ခတ္တသိပ္ပံ(Astrophysics ) ရဲ့ နယ်ပယ်ကို အကြီးအကျယ် ပြောင်းလဲစေခဲ့ပါတယ်။
ဒါဟာ "စကြဝဠာရဲ့ ကျယ်ပြန့်မှုနယ်နိမိတ်" ကို ပထမဆုံးအကြိမ် သိရှိလာခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ၁၉၂၀ ခုနစ်တုန်းက ကျွန်တော်တို့သိတဲ့ စကြာဝဠာကြီးရဲ့ နယ်နိမိတ် ဟာ အလင်းနှစ် တစ်သိန်း ခန့်သာရှိခဲ့ပြီး အခုအခါမှာ အလင်းနှစ် သန်း ၁၀၀၀၀၀ ခန့် (93 billion lys )အကျယ်အဝန်း ခန့် ရှိတာကို သိလာရနေပါပြီ။

image