#ဆက်ရန်ရှိ
ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာမြေဟာ နေ့စဉ်နဲ့ အမျှ ဥက္ကာခဲ ၊ ဥက္ကာပျံ များနဲ့ ခဲမှုန့် ဖုန်မှုန့် များရဲ့ တိုက်ခိုက်ခြင်းကို ခံနေရပါတယ်။ဒါပေမယ့် တစ်ခုကံကောင်းတာက ဒီလိုဥက္ကာခဲများရဲ့ အရွယ်အစားဟာ ကမ္ဘာမြေနဲ့ယှဉ်ရင် အရွယ်အစားသေးငယ်နေတာမျိုးဖြစ်ပါတယ်။
ဒီလို အမြဲတစေဝင်ရောက်တိုက်ခိုက်ခံနေရတဲ့ ကမ္ဘာမြေအပေါ်ကျရောက်လာမယ့် အန္တရာယ်တွေကို မမေ့လျော့ရအောင်
နိုင်ငံတကာ အာကာသလေ့လာသူတွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ၂၀၁၄ ခုနှစ်ကစလို့ နှစ်စဉ်နှစ်တိုင်း အနေနဲ့ ဇွန်လ ၃၀ ရက်နေ့ကို ဥက္ကာခဲနေ့လို့ သတ်မှတ်ထားပါတယ်။
ဘာလို့ ဇွန်လ ၃၀ ရက်နေ့ကို ဥက္ကာခဲနေ့လို့ သတ်မှတ်ထားတာပါလဲ ?
ဒီနေ့ရက်ကို ရွေးချယ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ၁၉၀၈ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ မှာ ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယား (Siberia) ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တန်ဂူးစကား ဖြစ်ရပ် (Tunguska Event) ကို အမှတ်ရစေဖို့ပဲ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ သမိုင်းတစ်လျှောက် ကမ္ဘာမြေနဲ့ အနီးဆုံးနေရာမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှား ဥက္ကာခဲတွေ ဝင်ရောက်ချဉ်းကပ်လာခဲ့တဲ့အထဲက အကြီးမားဆုံးဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။
တန်ဂူးစကား ဖြစ်ရပ်ဟာ ဆိုက်ဘေးရီးယားဒေသ၊ တန်ဂူးစကား မြစ် (Podkamennaya Tunguska River) အနားက လူနေနည်းပါးတဲ့ သစ်တောဒေသပေါ်မှာ ဖြစ်ပွားခဲ့တာပါ။
သိပ္ပံပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ဒီပေါက်ကွဲမှုဟာ TNT ယမ်းအား ၁၅ မက်ဂါတန် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ဟီရိုရှီးမားမြို့ပေါ် ကြဲချခဲ့တဲ့ အဏုမြူဗုံးထက် အဆပေါင်း ရာချီ ပိုမိုပြင်းထန်ပါတယ်။
ဒီပေါက်ကွဲမှုကြောင့် သစ်ပင်သစ်တောဧရိယာ မိုင်၈၀၀ ခန့်ပတ်ပတ်လည်က သစ်ပင်ပေါင်း သန်း ၈၀ ခန့် လဲပြိုပျက်စီးခဲ့ရပါတယ်။ အံ့သြစရာကောင်းတာကတော့ ဒီလိုကြီးမားတဲ့ ပေါက်ကွဲမှုမျိုး ဖြစ်ခဲ့ပေမယ့် မြေပြင်ပေါ်မှာ ဥက္ကာခဲတွင်း (impact crater) ကိုတော့ ရှာမတွေ့ခဲ့ပါဘူး။
သိပ္ပံပညာရှင်တွေက အဲ့ဒီ ဥက္ကာခဲဟာ ကမ္ဘာ့လေထုထဲကို ဝင်ရောက်လာချိန်မှာ မြေပြင်နဲ့ မတိုက်မိဘဲ မြေပြင်အထက် ၅ ကီလိုမီတာမှ ၁၀ ကီလိုမီတာ (၃ မိုင်မှ ၆ မိုင်) အမြင့်မှာ ပေါက်ကွဲသွားခဲ့တယ်လို့ တွက်ဆကြပါတယ်။ ဒါကို "လေထုထဲမှာ ပေါက်ကွဲခြင်း" (air burst shockwave) လို့ ခေါ်ပါတယ်။
ဒီဖြစ်ရပ်ဟာ လူနေနည်းပါးတဲ့ဒေသမှာ ဖြစ်ပွားခဲ့တာကြောင့် လူအသေအပျောက် အနည်းငယ်သာ ရှိခဲ့ပေမယ့် တကယ်လို့သာ လူနေထူထပ် တဲ့ မြို့ပြနေရာတစ်ခုခုအပေါ်ကိုသာ ကျရောက်ခဲ့မယ်ဆိုရင်တော့ ကမ္ဘာ့သမိုင်းဟာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပါတယ်။ ပိုစိတ်ဝင်စားဖို့ကောင်းတာက ဒီလို အဖြစ်အပျက်မျိုးတွေဟာ အနာဂတ်ကာလတစ်ခုမှာနောက်ထပ် တစ်ခါ ထပ်မံ ဖြစ်ပွားနိုင်ခြေရှိနေသေးတာပါပဲ။
ကြီးမားတဲ့၊ အန္တရာယ်ရှိနိုင်တဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှား ဥက္ကာခဲပျံတချို့ကိုတောင် ကမ္ဘာနဲ့နီးကပ်လာတဲ့အထိ မတွေ့ရှိရသေးတာတွေ ရှိနေပါတယ်။ ဥပမာအားဖြင့် ၂၀၁၃ ခုနှစ်က ရုရှားနိုင်ငံ ချယ်ယာဘင့်စ် (Chelyabinsk) မြို့ပေါ်မှာ ပေါက်ကွဲခဲ့တဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားဟာ အချင်း ၁၉ မီတာ (၆၂ ပေ) ခန့် ရှိပြီး လေထုထဲမှာ ပေါက်ကွဲခဲ့တာဖြစ်ပေမယ့် ကမ္ဘာလေထုထဲကို ဝင်ရောက်လာချိန်အထိ ကြိုတင်မသိခဲ့ရပါဘူး။ ဒီလိုဖြစ်ရပ်တွေဟာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ နေရဲ့ အလင်းရောင်ကွယ်နေတာကြောင့် နေအလင်းရောင်တည့်တည့်ကနေလာနေတဲ့ (sun-ward) ဥက္ကာခဲပျံတွေကို ရှာဖွေတွေ့ရှိဖို့က ပိုပြီး ခက်ခဲပါတယ်။
