#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အယ်လ်လီဂေတာအယ်လ်ကာထရက်ဇ် ယာယီထိန်းသိမ်းရေးစခန်းသို့ ထရန့်သွားရောက်မည်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဖလော်ရီဒါပြည်နယ်တောင်ပိုင်း၌ တည်ဆောက်ထားသော အယ်လ်လီဂေတာအယ်လ်ကာထရက်ဇ် အမည်ရှိတရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူများ ယာယီထိန်းသိမ်းရေးစခန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွယ်ရှိကြောင်း အမေရိကန်အစိုးရသတင်းအရင်းအမြစ်များက ဇွန် ၂၉ ရက်တွင် ပြောကြားထားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ယခုနှစ်ဇန်နဝါရီလအတွင်း သမ္မတရာထူးရယူခဲ့ပြီးနောက်ပိုင်း အမေရိကန်ပြည်ထောင်စုတွင်းသို့ဝင်ရောက်လာသော ရွှေ့ပြောင်းဝင်ရောက်သူများအား ဖမ်းဆီးထိန်းသိမ်းခြင်း၊ နှင်ထုတ်ခြင်းများ ပိုမိုမြှင့် တင်ပြုလုပ်လာခဲ့သည်။
ဒီမိုကရက်တစ်သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်တွင်တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူများ သန်းနှင့်ချီ၍ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ရာ ၎င်းရွှေ့ပြောင်းဝင်ရောက်သူများကို ယာယီဖမ်းဆီးထိန်းသိမ်းထားရန်၊ နှင်ထုတ်ရန်လိုအပ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ပြောကြားထားသည်။
အယ်လ်လီဂေတာအယ်လ်ကာထရက်ဇ် တရားမဝင်ရွှေ့ပြောင်းသူယာယီထိန်းသိမ်းရေးစခန်းသည် မိကျောင်းများ၊ စပါးကြီးမြွေများ ထူပြောသောဖလော်ရီဒါပြည်နယ် အဲဗားဂလိတ်စိမ့်တောနယ်မြေ၌ တည်ရှိသည်။
အဆိုပါ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူ ယာယီထိန်းသိမ်းရေးစခန်းသို့ အမိမြေလုံခြုံရေးဝန်ကြီးဌာနဝန်ကြီး ခရစ္စတီးနိုအမ်နှင့်အတူ ဇူလိုင် ၁ ရက်တွင်သွားရောက်ရန် သမ္မတဒေါ်နယ်ထရန့်က စီစဉ်ထားကြောင်း သတင်းအရင်းအမြစ်များက ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုတွင်းရှိ ယာယီထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းထားသော ရွှေ့ပြောင်းဝင်ရောက်သူ အရေအတွက်မှာ ဇွန် ၁၅ ရက် အရောက်တွင် ၅၆ဝဝဝ အထိ ရှိခဲ့သည်။

image