“မြန်မာနိုင်ငံက MSME လုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို မြန်မာသံအမတ် ဖိတ်ခေါ်”
(ပြည်တွင်း) ဇွန် ၃၀
မြန်မာနိုင်ငံမှာရှိတဲ့ MSME လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေလာရောက်ပြုလုပ်ဖို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးတင်မောင်ဆွေက ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။CP Group Center ကုလသမဂ္ဂဆိုင်ရာ အသေးစား၊ အငယ်စားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းများအထိမ်းအမှတ်နေ့အဖြစ် ပေကျင်းမြို့မှာ ဇွန်လ ၂၇ ရက်က ကျင်းပတဲ့ ၂၀၂၅ ခုနှစ်၊ တတိယအကြိမ်မြောက် ကမ္ဘာ့အသေးစား၊ အငယ်စားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းညီလာခံမှာ ဖိတ်ခေါ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ယခုကျင်းပတဲ့ ညီလာခံဟာ နိုင်ငံတွေကြား အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးရေး၊ ဆင်းရဲမှု လျှော့ချရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးတို့အတွက် အဓိကကျတဲ့အခန်းကဏ္ဍမှာပါဝင်တဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းများ(MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အကျိုးရလဒ်တွေ ထွက်ပေါ်လာစေမယ့် သက်သေအထောက်အထားတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံအနေနဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနဲ့ ဝင်ငွေတိုးတက်မှုရရှိစေရေးအတွက် ဒေသအလိုက် ဆန်းသစ်တီထွင်ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ထုတ်ကုန်တွေဖန်တီးထုတ်လုပ်ခြင်းနဲ့ MSMEs လုပ်ငန်းတွေ ပိုမိုကောင်းမွန် လာစေဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခုမဟာဗျူဟာနဲ့ ဒေသထွက်ကုန်တွေ ထုတ်လုပ်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ MSMEs ကုန်စည်ပြပွဲတွေကို အခါအားလျော်စွာ ကျင်းပနေပြီး မြန်မာနိုင်ငံက MSMEs ထုတ်ကုန်တွေ အရည်အသွေးမြှင့် တင်ထုတ်လုပ်နိုင်ရေး၊ အလုပ်သမားများအရည်အသွေးတိုးမြှင့်ရေးတို့အတွက် နည်းပညာရပ်ဆိုင်ရာသင်တန်းတွေ၊ အတွေ့အကြုံ မျှဝေခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပူးပေါင်းဆောင်ရွက်တာတွေ လာရောက်ဆောင်ရွက်ဖို့ မြန်မာသံအမတ်က ဖိတ်ခေါ်ခဲ့တယ်လို့လည်း သိရပါတယ်။
